မင်းကင်းမြို့နယ် တုံကျေးရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ဒေသခံ ငါးဦးကို ဒီနေ့ နေ့ခင်းပိုင်းမှာ ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တုံကျေးရွာသားတွေက ပြောပါတယ်။
တုံကျေးရွာသားတစ်ဦးက “ဒီကောင်တွေ တရားလွန်လာပြီဗျာ။ ဘယ်သူမှ ကျနော်တို့ ကျေးရွာလေးကို မကူညီနိုင်ကြတော့ဘူးလားဗျာ။ မနေ့ကလည်း ကျနော်တို့ရွာကို ပန်းဆက်ရွာသား ၃၀ နဲ စစ်သား ၁၀ ယောက်ရောက်လာပြီး ရွာထဲကအိမ်တွေကို ဖျက်ဆီးသွားတယ်။ နောက်ပြီး သူတို့လိုချင်တဲ့ပစ္စည်းမှန်သမျှ အကုန်ယူသွာကြတယ်။ ဘာကြောင့် ကျနော်တို့ရွာကို ဒီကောင်တွေ လာဖျက်တာလဲဆိုတော့ ပြီးခဲ့တဲ့လတုန်းက ပန်းဆက်ရွာကို PDF တွေတိုက်တုန်းက ကျနော်တို့ ရွာသားတွေပါလို့ဆိုပြီး ဖျက်ကြတာတဲ့ဗျာ။ ဒီနေ့လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ ရွာ သားငါးဦးကို ရိုက်နှက်ပြီး ပန်းဆက်ကျေးရွာကို ခေါ်ဆောင်သွားတယ်ဗျာ” လို့ ပြောပါတယ်။
တုံရွာဟာ စစ်တပ် သတင်းပေးသူနဲ့ ပျူစောထီး အများစုနေထိုင်တဲ့ တောင်ဖြူရွာနဲ့ ပန်းဆက်ရွာအနီးမှာ တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်လောက်ရှိကာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ရွာ ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာနဲ့ တောင်ဖြူကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက မင်းကင်းမြို့နယ်အတွင်းက ကျေးရွာတွေကို လိုက်လံပြီး သေနတ်ပြခြိမ်းခြောက်ကာ အပြစ်မဲ့ရွာသားတွေရဲ့ ပစ္စည်းတွေ နေစဉ်လိုလို ယူဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျူစောထီးအဖွဲ့ဝင်တွေက အခုလို လုပ်နေတာကြောင့် ဒေသခံ တုံကျေးရွာ၊ လောင်းပြည့်၊ ကျောက်ခဲတက်၊ သင်တောနဲ့ ဘင်ကျေးရွာတွေက ပြည်သူတွေ နေအိမ်တွေမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။