Home
မြန်မာသတင်း
မိကျောင်းကန် သပိတ်စခန်းဖျက်ဖို့ ရာဇသံပေး
အေးနိုင်
·
December 8, 2013
သင်္ဃန်းကျွန်းမြို့နယ်တွင်းက  တပ်က သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေး မိကျောင်းကန် အပိုင်း (၁) မှာ ဖွင့်လှစ်ဆန်ဒပြထုတ်ဖော်နေတဲ့ သပိတ်စခန်းကို မနက်ဖန်ညနေ ခြောက်နာရီ မတိုင်ခင် ရုပ်သိမ်းဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားရင် အတင်းဖယ်ရှားမယ်လို့ သတိပေး ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က မိကျောင်းကန် အပိုင်း ၁ေ ဝေဇယန္တာလမ်းက မြစာရံအေးစေတီ အနားမှာ သပိတ်စခန်းဖွင့်လှစ်ထားတာကို အုပ်ချုပ်ရေးပိုင်းက တွန်းထိုးဖယ်ရှား ရှင်းလင်းခဲ့ပြီးတဲ့နောက် နာရီပိုင်းအကြာမှာ သပိတ်စခန်းကို လုံးဝဖျက်သိမ်းဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနဲ့ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးတွေက ထပ်မံ သတိပေးကြေညာလိုက်တာပါ။ [caption id="attachment_47554" align="alignleft" width="300"]ပြီးခဲ့တဲ့ နိုဝင်ဘာလက  မြို့တော်ခန်းမရှေ့မှာ မိကျောင်းကန်က မြေသိမ်းခံမိသားစုဝင်များ ဆန္ဒပြနေစဉ် ပြီးခဲ့တဲ့ နိုဝင်ဘာလက မြို့တော်ခန်းမရှေ့မှာ မိကျောင်းကန်က မြေသိမ်းခံမိသားစုဝင်များ ဆန္ဒပြနေစဉ်[/caption] မြစာရံအေးစေတီအနားက ပလက်ဖောင်းပေါ်မှာ ယာယီတဲထိုးထားတဲ့  သပိတ်စခန်းကို ကျနော် ဒီမနက်ရောက်သွားတော့ ယာယီတဲတန်းရှည်အောက်မှာ အနီရောင်တီရှပ်တွေ အနီရောင် နဖူးစီးတွေ ဆင်မြန်းထားတဲ့ အဖွားအိုတွေအပါအ၀င် အမျိုးသမီးအင်အား နှစ်ရာကျော် တွေ့ရပြီး အမျိုးသားကတော့  အနည်းငယ်သာ ပါဝင်ပါတယ်။ သူတို့ဟာ သူတို့မြေတွေကို ပြန်လည်ရရှိဖို့ အသက်ကို စွန့်လွတ်ပေးဆပ်ဖို့ သရဏဂုံတင်ထားပြီးသားဆိုတာကို အခိုင်အမာ ပြောပြကြ ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့တုန်းက လူအင်အား ၃၀၀ လောက်ဟာ သူတို့ အခြေချနေတဲ့ ၀င်းအတွင်းမှာ အတင်းဝင်ရောက်ပုံ၊ ဒီနောက် အမျိုးသား ငါးဆယ်လောက်ဟာ ကျား မ အိမ်သာတွေကို ရိုက်ချိုးဖျက်ဆီးခဲ့ပုံ၊ ဆန္ဒပြသမားတွေကို   သွပ်ပြားတွေကို သစ်ဘောင်ခွေ ထားတဲ့ အကာအရံနဲ့ အတင်းတွန်းထိုးခဲ့လို့ လူ ၈ ဦးလောက်ဒဏ်ရာရခဲ့ပုံ၊ အဲဒီထဲက အသက် (၆၀) ကျော်အရွယ် ဒေါ်သောင်းခင် က သူသတိလစ်သွားပြီး ဘယ်ဘက်လက်ကျိုးသွားပုံတွေကို ပြောပြပါတယ်။ အဲဒီအဖွားအိုဟာ ဆေးရုံကဆေးလာပြီး ဆန္ဒပြစခန်းကိုပြန်လာတာကြောင့် သူ့ကိုမေးတော့ သူက အဖြစ်အပျက်ကို   ခုလို ပြောပါတယ်။ “ကျမတို့ မိန်းကလေးတွေဆိုတော့ ရှိတဲ့အားလေးနဲ့ တွန်းကြတယ်။ အဲဒီမှ တချို့ဆိုရင် ညှပ်တဲ့သူက ညှပ်တယ်။ ကျမဆိုလို့ရှိရင် သူတို့အနောက်ကနေ အတင်းဆောင့်တွန်းလိုက်လို့ လဲကျပြီး သတိလစ်သွားတယ်။” မနေ့က ဆန္ဒပြပွဲမှာ လက်ကျိုးခဲ့တဲ့ အဖွား ဘယ်သူ ပြောသွားတာပါ။ ဆေးရုံတက်သူထဲက သတိလစ်သူသုံးယောက်သာ ဆေးရုံမှာ အကြောဆေးသွင်းလျက်ကျန်ရစ်ပြီး ကျန်သူတွေ ဆင်းလာကြပြီဖြစ်တယ်လို့ ဆိုပါတယ်။ လက်ကျိုးခဲ့တဲ့အဖွားအိုက သူ့ကို ဆေးရုံကဂရုမစိုက်ပုံကို ရှင်းပြပြီး  ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့ ပြောပါတယ်။ ဆန္ဒပြသမားတွေကို တွန်းထိုးဖယ်ရှားခဲ့ပြီးတဲ့နောက် ဘုရားဝင်းကို ပိတ်ပင်ခဲ့သလို အိမ်သာတွေကို ရိုက်ချိုးဖျက်ဆီးခဲ့တာကြောင့် အမျိုးသမီးဆန္ဒပြသမားတွေအဖို့ ဆက်လက် ဆန္ဒပြဖို့ရေရှည်မှာ အခက်အခဲဖြစ်စေ ပေမယ့် သူတို့ရဲ့ မျက်နှာတွေမှာ ယုံကြည်ချက်တခု အတွက် အခိုင်အမာရပ်တည်နေကြတာ မြင်တွေ့ရပါတယ်။ ဒီဖြစ်ရပ်ရဲ့ အဓိကတာဝန်ရှိသူဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ဖြစ်တယ်လို့ ဆန္ဒပြသူတွေထဲက ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကိုဇော်ထွန်းက ခံယူပြောဆိုပါတယ်။ ဒီဆန္ဒပြသပိတ်စခန်းရဲ့ရှေ့မှာ  လာရောက်လှူဒါန်းထားတဲ့ သောက်ရေသန့်ဗူးတွေကို တွေ့ရသလို နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြုအဖွဲ့တွေ မီဒီယာသမားတွေကိုလည်း မြင်တွေ့ရပါတယ်။ ဒီမနက်မှာ သပိတ်စခန်းက တာဝန်ခံတွေဟာ သင်္ဃန်ကျွန်းမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်နဲ့ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးကျော်တို့နဲ့ သွားရောက်တွေ့ဆုံပြီး လိုလားချက်တွေကို တင်ပြပါတယ်။ သူတို့ တင်ပြသွားတာတွေကတော့ တပ်က သိမ်းထားတဲ့ မြေနေရာပြန်လည်ရရေး၊ ဆန္ဒပြသမားတွေရဲ့ တာဝန်ခံတွေနဲ့ တပ်နဲ့ဆွေးနွေးပြီး လူထုကို ပြန်ချပြမယ်။ အဖြူအမဲ မသဲကွဲခင်မှာ နှစ်ဘက်စလုံးက ဆောင်ရွက်ချက်တွေကို ထိန်းချုပ်ထားဖို့၊ တရားမ၀င်ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ အရေးမယူဖို့၊ ဆန္ဒပြသူတွေကို တရားစွဲထာတာကို ရုပ်သိမ်းပေးဖို့၊ သတိပေးကြေညာထားတဲ့ ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာ သပိတ်စခန်းကို မဖယ်သိမ်းပေး နိုင်သလို အရေးယူရင် ဘယ်သူတာဝန်ယူမလဲ၊ သက်ကြီးရွယ်အိုတွေ အပါအ၀င် သပိတ်စခန်းက ဆန္ဒပြသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ နောက်ထပ် ထပ်မံအကြမ်းမဖက်ရန် စတာတွေကို တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်တွေကို နားထောင်ပြီးတဲ့နောက် လွတ်တော်အမတ် ဦးသိန်းညွှန့်က သူဟာ ဒီသပိတ်စခန်း အခြေအနေကို လေ့လာထားပြီးသားဖြစ်ကြောင်းအစချီပြီး ဆီးဂိမ်းကာလမှာ ဒီသပိတ်စခန်းကို ယာယီရပ်ဆိုင်းဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ “ကျနော့် အတွေ့အကြုံအရ အကြမ်းဖက်ရင် အသေအပျောက် ဖြစ်လာတော့မယ်။ ဘာလို့လဲဆိုတော့ အခုရှေ့တန်းမှာ  တိုက်ပွဲဝင်နေတဲ့သူတွေက သက်ကြီးရွယ်အိုတွေ အဲဒီ အတွက် အသက်ဆုံးရှုံးနိုင်တယ်လို့ ကျနော်ထင်တယ်။” ဦးသိန်းညွှန့်က ဥပဒေအကိုးအကားနဲ့ ထောက်ပြပြီး ဒီမြေပြန်လည်ရရှိရေးကို မလုပ်ပေးနိုင်တာကို ရှင်းရှင်းလင်းလင်းပြောဆိုပြီး နစ်နာကြေးရအောင်တော့ တောင်းဆိုပေးမယ်  လို့ပြောပါတယ်။ ဆန္ဒပြသူတွေရဲ့ လိုလားချက်တွေကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင်ပြပေးမယ်လို့ ပြောပါတယ်။ သူ့ဘက်က ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စတွေကတော့ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူတွေ ပြန်လွတ်ရေး ဆောင်ရွက်မယ်၊ ဆန္ဒပြသမားတွေကို တရားမစွဲဖို့နဲ့ သပိတ်စခန်းက ဆန္ဒပြသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးဖို့ ဆောင်ရွက်မယ်လို့ ပြောပါတယ်။ သူ့ဘက်က လိုက်ပါဆောင်ရွက်နိုင်တဲ့ အချက်တွေကို ဆန္ဒပြခေါင်းဆောင်တွေက အချင်းချင်း ပြန်လည်တိုင်ပင်ပြီး ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီမတိုင်ခင် အကြောင်းပြန်ကြားဖို့ ဆန္ဒပြသမားတာဝန်ခံတွေနဲ့ အမတ်တွေအကြားနှစ်ဘက် သဘောတူညီခဲ့ပါတယ်။ ဦးသိန်းညွှန့်က ဒီဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ ကိုင်တွယ်နေတာတွေကို သူသိရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းက အလျော့ပေးမယ့် သဘောမရှိကြောင်း ပြောဆိုပြီး သွေးထွက်သံယို သေဆုံးမှုတွေ မဖြစ်ပွားအောင် ရှောင်ကြည်နိုင်ဖို့ သတိပေးပြောဆိုခဲ့ပါတယ်။ ဆန္ဒပြလူအုပ်ထဲက အဖွားအို နောက်တယောက်ဖြစ်တဲ့ အသက် ၇၃ နှစ်အရွယ်ကို မေးမြန်းကြည့်တော့ သူ့ရဲ့လွယ်အိတ်တွင်းက ငှက်ပျောသီးတလုံးနဲ့ ထမင်းထုတ်ကို ထုတ်ပြပြီး ဒီမြေပြန်လည် မရမချင်း အခက်အခဲတွေ ကျော်လွှားသွားမယ်လို့ ရှင်းပြပါတယ်။ ဒီသပိတ်စခန်းဟာ နိုဝင်ဘာ ၂၆ ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီကနေ့ပါနဲ့ဆို ၁၃ ရက်ရှိပါပြီ။ သူတို့ထံကို မြေယာစုံစမ်းစစ်ဆေးရေးကော်မတီက တာဝန်ရှိသူတွေဖြစ်ကြတဲ့ ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရည်တို့လည်း လာရောက်သလို ရန်ကုန်တိုင်းဒေသကြီးအစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့လည်း လာရောက်ကြည့်ရှု ခဲ့ကြတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024