ဗဟို အာဖရိက သမ္မတ နိုင်ငံတွင် သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်

ဗဟို အာဖရိက သမ္မတနိုင်ငံရဲ့ မြို့တော် ဘွန်ဂီမြို့ ပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် စနေနေ့က သတ်ဖြတ်မှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့တယ်လို့ နယ်ခံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ အာဖရိကတိုက် အတွင်းပိုင်းက ကုန်းတွင်းပိတ်နိုင်ငံလေးမှာ မတ်လတုန်းက မွတ်စလင် ဆီလီကာသူပုန်တွေ အာဏာယူခဲ့တာကို လူများစု ခရစ်ယာန်တွေက ဆန့်ကျင်ရင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ Centrl African 1ဒီဇင်ဘာ ၅ ရက်နေ့က စဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ ဒီဇင်ဘာ ၆ ရက် သောကြာနေ့အထိ အလောင်း ၂၈၁ လောင်းက တွေ့ရှိခဲ့ရတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ အနည်းဆုံး သေဆုံးသူ ၃၀၀ နဲ့ အထက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ လူပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးပြီး မြို့ပေါ်က ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ ဘွန်ဂီမြို့ ရင်ခွဲရုံမှာ အလောင်းတွေ ထားစရာနေရာ မကျန်တော့လို့ ဆေးရုံရဲ့ တခြားနေရာတွေမှာ အလောင်းတွေကို ထားနေရပါတယ်။ ပြင်သစ်ကိုလိုနီဟောင်းမှာ သွေးထွက်သံယိုမှုတွေ ပေါ်ပေါက်နေတာကို ကြားဝင် ထိန်းသိမ်းဖို့ ကုလသမဂ္ဂရဲ့ ကျောထောက်နောက်ခံပေးထားတဲ့ ပြင်သစ်တပ်တွေလည်း ဒီဇင်ဘာ ၇ ရက် စနေနေ့ကစလို့ ရောက်နေပါတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ရှိနေတဲ့ကြားထဲကပဲ မြို့တော်ရဲ့ မြောက်ဘက် မိုင် ၁၉၀ အကွာမှာ စနေနေ့တုန်းက မွတ်စလင်တွေနဲ့ ခရစ်ယာန် လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လူ ၃၀ လောက် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။

More News
Up