ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရတဲ့ အမျိုးသမီး ၁၄ ဦးကို တရားရုံးက ပြန်လွှတ်

အီဂျစ်နိုင်ငံမှာ ဆန္ဒပြလို့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အစ္စလာမ္မစ်ဝါဒီ အမျိုးသမီး ၁၄ ယောက်ကို ပြန်လွှတ်ပေးဖို့ အယူခံ တရားရုံးက အမိန့်ချလိုက်ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့တဲ့နောက်မှာ  သူတို့ရဲ့ ပြစ်ဒဏ်တွေကို အလက်ဇန်ဒရီးယားမြို့တော် တရားရုံးတခုက ပလပ်လိုက်တာ ဖြစ်ပါတယ်။ egypt 3ဒီအမှုတွဲမှာပဲ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၇ ယောက်လည်း ကလေးထောင်မှာ ထိန်းသိမ်းခံနေရပါတယ်။ အလက်ဇန်ဒရီးယားမြို့တော် အယူခံတရားရုံးကနေ အမျိုးသမီး ၁၄ ယောက်ရဲ့ ထောင်ဒဏ်ကို ဆိုင်းငံ့ ၁ နှစ် အဖြစ်နဲ့ ပြောင်းလဲလိုက်ပြီး အသက် ၁၈ နှစ်အောက် မိန်းကလေးတွေကိုလည်း ခံဝန်နဲ့ ပြန်လွှတ်ပေးဖို့ စီရင်ချက် ချလိုက်ပါတယ်။ စီရင်ချက်ကို ဖတ်ကြားတဲ့အချိန်မှာ ဆွေမျိုးသားချင်းတွေနဲ့ ထောက်ခံသူတွေက အားပေး ခဲ့ကြပါတယ်။ ရွေးကောက်ပွဲနဲ့ အာဏာရခဲ့တဲ့ သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ဖြုတ်ချလိုက်တဲ့ ဇူလိုင် ၃ ရက်နေ့စလို့  လုံခြုံရေးတပ်ဖွဲ့တွေဟာ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ကို နှိမ်နင်းနေတာ ဖြစ်ပါတယ်။ မိုဟာမက်မော်စီကို ထောက်ခံသူတွေကလည်း သမ္မတဟောင်းကို ရာထူးပြန်အပ်ဖို့ ဆန္ဒပြပွဲတွေ မကြာခဏ ပြုလုပ်နေကြပါတယ်၊ မိုဟာမက်မော်စီကို ထောက်ခံသူ ရာပေါင်းများစွာလည်း သေဆုံးခဲ့ရသလို ထောင်နဲ့ချီပြီး ဖမ်းဆီးခံ ထားရပါတယ်။ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ အာဏာပိုင်တွေကတော့ မွတ်စလင် ညီအကိုတော်များအဖွဲ့ကို ဆူပူအကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့ စွပ်စွဲနေပါတယ်။ မိုဟာမက်မော်စီနဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့ခေါင်းဆောင်တွေကိုလည်း ဆူပူအောင် လှုံ့ဆော်မှု စွဲချက်တွေနဲ့ ရုံးတင်ခံနေရပါတယ်။ မွတ်စလင်ညီအကိုတော်များအဖွဲ့ကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။ လူဦးရေ ၈၅ သန်းရှိတဲ့ အီဂျစ်မှာ လူထုဆန္ဒပြပွဲတွေကြောင့် ၃ နှစ်မပြည့်တဲ့ကာလ အတွင်းမှာ သမ္မတ ၂ ယောက် ပြုတ်ကျသွားတဲ့နောက်ပိုင်း ဆန္ဒပြပွဲတွေဟာ အမှားအယွင်းမခံတဲ့ ကိစ္စ ဖြစ်နေပါတယ်။ အရင်လတုန်းက ကြားဖြတ်အစိုးရကနေ ဆန္ဒပြခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်တဲ့ ဥပဒေသစ်ကို ပြဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေအရ လူ ၁၀ ယောက်ထက် ပိုပြီး စုရုံးမယ်ဆိုရင် ရဲတွေဆီကို ကြိုတင်ခွင့်ပြုချက် လိုအပ်တယ်လို့ ပါရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up