မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကနေ မြန်မာနိုင်ငံအတွင်းကို ကိုဗစ်-၁၉ ရောဂါ ကုသရေးဆိုင်ရာ ဆေးဝါးနဲ့ဆေးပစ္စည်းတွေ တင်သွင်းခွင့်ရရှိပြီလို့သိရပါတယ်။
ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ပိတ်ထားခဲ့တဲ့ အိန္ဒိယနယ်စပ်ကနေ ကိုဗစ်ရောဂါကာကွယ်ကုသရေးဆေးနဲ့ဆေးစ္စည်းတွေ တင်သွင်းနိုင်ဖို့ အိန္ဒိယနိုင်ငံဘက်ကို ညှိနိုင်းခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီ ရင်းနှီးမြှပ်နှံမှုနှင့်နို နိုငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက သူ့ရဲ့ လူမူကွန်ရက် စာမျက်နှာ မှာရေးပါတယ်။
ကိုဗစ်ဆိုင်ရာဆေးဝါးတွေအတွက် အိန္ဒိယနိုင်ငံဘက်က အထွက်ကိုသာ ပြန်ဖွင့်တာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကနေ တင်သွင်းမယ့် ကုန်တွေကိုတော့ ကန့်သတ်ထားဦးမှာပါ။
အိန္ဒိယနိုင်ငံက ဆေးဝါးတင်သွင်းရာမှာ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ရဲ့ခွင့်ပြုချက်ရယူပြီး တင်သွင်းခွင့်ရရှိမှာဖြစ်တယ်လို့ ကလေး-တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်ကလည်း သူ့ရဲ့လူမူကွန်ရက်စာမျက်နှာကနေ ကုန်သည်တွေကို အသိပေးထားပါတယ်။
FDA ကလည်း ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး အသုံးများတဲ့ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သုံးစွဲနိုင်တဲ့ ဆေးဝါးတွေကို ယာယီကင်းလွတ်ခွင့် ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပြီး သွင်းကုန်ထောက်ခံချက် လျှောက်ထားတာကို ယာယီကင်းလွင့်ခွင့်ပြုထားပါတယ်။
ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးစွဲရမယ့် ဆေးဝါးတွေအတွက်လည်း ယာယီဖြေလျှော့ပေးတာရှိပြီး ဖြေလျှော့တဲ့ပုံစံနဲ့လိုအပ်တဲ့အချက်အလက်တွေကို ကျန်းမာရေးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။