ထိုင်းတွင် တရုတ်ကိုဗစ်ကာကွယ်ဆေးထိုးပြီး တပတ်အတွင်း သူနာပြု ၁ ဦး သေဆုံး

ထိုင်းနိုင်ငံမှာ အမျိုးသမီး သူနာပြုတယောက်ဟာ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့ပြီး သီတင်းတပတ် မပြည့်ခင်မှာပဲ သေဆုံးခဲ့တဲ့အပေါ် အားလုံးက စိုးရိမ်မှုတွေနဲ့ သံသယတွေ မြင့်တက်နေကြပါတယ်။

အသက် ၄၅ နှစ်အရွယ် သူနာပြု အူရိုင်ဝမ် ချန်သာရာပလင်ဟာ ဆမွတ်စခွန်ခရိုင် ဆေးရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး အမျိုးသားလူနာဆောင်မှာ တာဝန်ထမ်းဆောင်နေရာကနေ ဇူလိုင် ၂၅ ရက်နေ့မှာတော့ လည်ချောင်းနာ၊ ချောင်းဆိုး၊ ဖျားနာတဲ့ လက္ခဏာတွေ ခံစားခဲ့ရလို့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆေးရုံဒါရိုက်တာ ဒေါက်တာ အနူးကူလ် ထိုင်းသနန်က ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နေ့မှာတော့ သူနဲ့အတူ ရောဂါကူးစက်ခံထားရတဲ့ မိခင်၊ တူမဖြစ်သူတို့နဲ့အတူ ဆေးရုံတခုတည်းမှာပဲ တက်ရောက်ကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။

သူနာပြု အူရိုင်ဝမ်ဟာ အထူးကြပ်မတ်ကုသဆောင်ကို မရောက်ခင်မှာပဲ အသက်ရှူစက်အကူအညီနဲ့ ကုသမှုခံယူခဲ့ရတာဖြစ်ပြီး ဇူလိုင် ၃၀ ရက်မှာတော့ သူ့ကို ဘန်ကောက်မြို့၊ ရာဂျာဝီထိဆေးရုံကို လွှဲပြောင်းခဲ့ပြီး ၂ ရက်အကြာမှာ သေဆုံးသွားခဲ့တာပါ။

ဒေါက်တာ အနူးကူလ်ကတော့ အူရိုင်ဝမ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားခဲ့သူဖြစ်ကာ ရောဂါကူးစက်ပြီး သေဆုံးရတဲ့ အကြောင်းရင်းထဲမှာတော့ ကိုယ်တွင်းခုခံကာကွယ်အားစနစ်က ဗိုင်းရပ်စ်ကို မ တိုက်ဖျက်နိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆမွတ်စခွန် ဆေးရုံမှာတော့ အူရိုင်ဝမ်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးတဲ့ ပထမဆုံး ဆေးဘက်ဆိုင်ရာဝန်ထမ်း ဖြစ်လာခဲ့ပါတယ်။

ဆေးရုံဝန်ထမ်း ၂၀၀ လောက်ဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မပြကြပေမယ့် ဗိုင်းရပ်စ်ကြောင့် ဖျားနာတာတွေ ကြုံတွေ့နေရတယ်လို့လည်း ဒေါက်တာ အနူးကူလ်က ပြောပါတယ်။

ဆမွတ်စခွန်ခရိုင်ကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးခရိုင်တွေထဲ တခုအပါအဝင်ဖြစ်ပြီး လက်ရှိအချိန်ထိ ခရိုင်တွင်း ရောဂါကူးစက်ခံရသူပေါင်း ၅ သောင်းကျော် ရှိနေခဲ့တာပါ။ အဲဒီထဲက ၃ သောင်းကျော်ကတော့ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့ပြီဖြစ်ကာ သေဆုံးသူအရေ အတွက်ကတော့ ၁၄၀ ထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ကတော့ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆ သိန်းခွဲကျော်၊ သေဆုံးသူပေါင်း ၅,၃၀၀ ကျော်နဲ့ ကမ္ဘာ့ကူးစက်မှု အမြင့်ဆုံး အဆင့် ၄၂ နေရာမှာ ရှိနေတာပါ။       တကမ္ဘာလုံးမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၁၉၉ ဒသမ ၆ သန်း ကျော်၊ သေဆုံးသူ ၄ ဒသမ ၂ သန်းကျော်နဲ့ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း သန်း ၁၈၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up