စစ်ကောင်စီ ခန့်ထားတဲ့ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်း သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်တပ်က ကျေးရွာ ဒေသခံ ၈ ဦးကို လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကျေးရွာ မီးလင်းရေး ကော်မတီက တာဝန်ရှိသူ ၃ ဦးနဲ့ ကျေးရွာ ပရဟိတလုပ်ငန်းောဆောင်ရွက်နေတဲ့ လူငယ် ၅ ဦး၊ စုစုပေါင်း ၈ ဦး ဖမ်းဆီးခံရထားပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံထားရသူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ မသိရသေးဘူးလို့ ကျေးရွာ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ဒ့ါအပြင် အာဏာသိမ်းစစ်တပ်က တစ်အိမ်တက် တစ်အိမ်တက် ဆင်းပြီး ရှာဖွေတာတွေ လုပ်ဆောင်နေတဲ့အတွက် အရင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာဒေသခံအချို့ ထွက်ပြေးတိမ်ရှောင်နေရပါတယ်။
စစ်ကောင်စီ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးမန်းကို ဇူလိုင် ၃၁ ရက်နေ့ ညနေ ၆ နာရီလောက်က ရုံးကနေ နေအိမ်ပြန်လာစဉ် နေအိမ်အနားအရောက်မှာ အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက် ပစ်သတ်သွားခဲ့တာပါ။
အုပ်ချုပ်ရေးမှူး ဦးမန်းဟာ ကျေးရွာအတွင်းမှာ ညစဉ် သန်းခေါင်စာရင်း စစ်ဆေးတာ၊ ပြည်သူ့စစ်အဖွဲ့အတွက် လစဉ် ငွေကြေး ကောက်ခံတာတို့ကြောင့် လူမုန်းများနေတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဦးမန်းဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တာဝန်ထမ်းခဲ့သူဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးအဖြစ် ပြန်လည်ခန့်အပ်ခံခဲ့ရတာပါ။