မြန်မာအသင်းက ကမ္ဘောဒီးယားကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးအုပ်စုပွဲစဉ်တွေကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ဒီနေ့ စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအမျိုးသား ဘောလုံးအသင်းက ကမ္ဘောဒီးယားအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့ပွဲစဉ် စစချင်းမှာ နှစ်ဖက်အပြန်အလှန် ထိုးဖောက်ခဲ့ကြပါတယ်။ မြန်မာအသင်းအတွက်ဂိုးတွေကိုတော့ ပထမပိုင်းစပြီး ၁၅ မိနစ်မှာ ထောင့်ဖြတ်ဘော ကန်တင်ပေးတာကို ဇော်မင်းထွန်းက ခေါင်းတိုက်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ၃၅ မိနစ်မှာ ရှေ့တန်းညာအစွန်က ကြည်လင်းထိုးဖောက်ပြီး ဂိုးရှေ့ဖြတ်တင်ပေးတာကို ရှေ့တန်းတိုက်စစ်မှူး ကျော်ကိုကိုက ၁ ဂိုး ထပ်မံ သွင်းယူခဲ့တာဖြစ်ပါတယ်။ z6ဒုတိယပိုင်းစပြီး ၂ မိနစ်အတွင်းမှာပဲ မြန်မာအသင်းက ရှေ့တန်းတိုက်စစ်မှူး ကျော်ကိုကိုက ၁ ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒုတိယပိုင်း တပိုင်းလုံး တောက်လျှောက်ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိဘဲ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်း ကစားသမားတွေကတော့ ပြည့်ဖြိုးအောင် (ဂိုး)၊ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း၊ အောင်ဇော်၊ စည်သူအောင်၊ ကြည်လင်း၊ ကျော်မင်းဦး၊ နိုင်လင်းဦး၊ ဒေးဗစ်ထန်း၊ ကျော်ဇေယျာဝင်း (C)၊ ကျော်ကိုကိုတို့ ဖြစ်ပါတယ်။ အုပ်စုဘီအဖွင့်ပွဲစဉ်မှာတော့ ထိုင်းအသင်းက တီမောအသင်းကို ၃-၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အုပ်စုဘီမှာ မြန်မာအသင်းဟာ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီယား၊ တီမောအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ အုပ်စုအေမှာတော့ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနဲ့ လာအို အသင်းတို့ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ အုပ်စုအေ ပွဲစဉ်တွေဖြစ်တဲ့ ဗီယက်နမ်နဲ့ ဘရူနိုင်း၊ စင်ကာပူနဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ မြန်မာအသင်းဟာ တီမောဘောလုံးအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ မြန်မာအမျိုးသားဘောလုံးအသင်းဟာ တတိယ ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။      

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up