အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ဩဂုတ် ၁ ရက်နေ့မှ ဩဂုတ် ၈ ရက်နေ့အထိ တစ်ဆက် တစ်စပ်တည်း ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက မနေ့ညက ထုတ်ပြန် ကြေညာပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ဇူလိုင် ၂၆ ရက်မှ ဩဂုတ်လ ၁ ရက်နေ့ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ကာအခု ဩဂုတ် ၈ အထိ ထပ်တိုးလိုက်တာဖြစ်ပါတယ်။
အများပြည်သူ အလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ဖို့ ခုလို ရုံးပိတ်ရက်တွေ ထပ်တိုးလိုက်တာလို့ဆိုပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ဖို့ ထူးခြားတဲ့ အခြေအနေအရ ဘဏ်တွေမှအပ တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်ကြောင်လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃,၀၀၀ ကျော်၊ သေဆုံးသူ ၃၉၇ ယောက်နဲ့ စုစုပေါင်း ကူးစက်ခံရသူ ၃ သိန်းကျော်၊ သေဆုံးသူပေါင်း ၉,၇၃၁ ယောက်ရှိနေပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၁ ရက်ညမှာ ထုတ်ပြန်ပါတယ်။