ကျူးဘားအစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုများထပ်လုပ်မည်ဟု အမေရိကန်သမ္မတဘိုင်ဒင်ပြော

ကျူးဘားအစိုးရရဲ့ ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုကိုတုံ့ပြန်တဲ့အနေနဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်သွားဦးမယ်လို့ ကျူးဘား- အမေရိကန် အရပ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအစပိုင်းမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ပြောကြားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကျူးဘားအစိုးရရဲ့ ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုကိုတုံ့ပြန်တဲ့အနေနဲ့ ကျူးဘားရဲတပ်ဖွဲ့နဲ့ ထိပ်တန်းရဲတပ်ဖွဲ့အကြီးအကဲ ၂ ဦးအပေါ် သောကြာနေ့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး အိမ်ဖြူတော်မှာလည်း ကျူးဘား-အမေရိကန်နှစ်ဘက်အသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ပြင်ဆင်ခဲ့တာပါ။

ဆယ်စုနှစ်များစွာအတွင်းမှာ ကျူးဘားအစိုးရကို ဆန့်ကျင်တဲ့ အကြီးမားဆုံးသော လူထုလူတန်းစားကိုကိုယ်စားပြုတဲ့ ကျူးဘားဆန္ဒပြမှုတွေအတွက် ထောက်ခံမှုပိုပေးဖို့ နိုင်ငံရေးအရအရေးပါတဲ့ အသိုင်းအဝိုင်းကနေ တောင်းဆိုခဲ့လို့ ဘိုင်ဒန်က အစည်းအဝေး တက်ရောက်လာခဲ့တာလဲ ဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်က “ကျူးဘား-အမေရိကန်တွေဟာ သူတို့ချစ်ရတဲ့သူတွေ ဒုက္ခရောက်နေရလို့ နာကျင်ခံစားနေရတာ သည်းမခံနိုင်စရာ လို့ ပြောဆိုပါတယ်။ ဒါကြောင့် တို့တွေအားလုံး ဒီစားပွဲဝိုင်းမှာ ကိုယ်တိုင်လဲ အတူရှိနေပြီး မင်းတို့ရဲ့နာကျင်မှုတွေကို မြင်တယ်၊ မင်းတို့စကားတွေကို ကြားတယ်၊ ဒီကျွန်းကနေလာတဲ့ လွတ်လပ်မှုဟစ်ကြွေးသံတွေကို နားထောင်နေပါတယ်”လို့ ပြောပါတယ်။ 

ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဇူလိုင်လ ၁၁ ရက်က ကျူးဘားမှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့လုပ်ဆောင်မှုတွေကို တုံ့ပြန်ခြင်းသာဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ပစ်မှတ်မှာ ကျူးဘားရဲတပ်ဖွဲ့ခေါင်းဆောင်နှစ်ဦးနဲ့ ကျူးဘား ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသားရဲတပ်ဖွဲ့တို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဘိုင်ဒင်ဟာ အမေရိကန်တွေ ကျူးဘားကို ငွေလွှဲပို့တာကို ဘယ်လိုခွင့်ပြုပေးမလဲဆိုတာကို ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို တလအတွင်း သူ့ဆီပြန်ပြောဖို့ ညွှန်ကြားထားတယ်လို့လဲ သောကြာနေ့မှာ ပြောခဲ့ပါတယ်။ 

ကျူးဘားအမေရိကန်များစွာကို ကျောထောက်နောက်ခံပြုပေးတဲ့ လှုပ်ရှားမှုအဖြစ် ကျူးဘားခေါင်းဆောင်တွေအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်လုပ်သွားဦးမယ်လို့လဲ ကတိပြုခဲ့ပါတယ်။ 

တချိန်တည်းမှာလိုပဲ ကမ္ဘာပေါ်မှာ တစ်ဦးချင်း ကူးစက်နှုန်း အမြင့်ဆုံးဖြစ်နေတဲ့ ကျူးဘားနိုင်ငံရဲ့ဆိပ်ကမ်းဆီ ကိုဗစ် လူနာတွေအတွက် ပဲတန်ချိန် ၁၀၀၀ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းကိရိယာတွေနဲ့ အောက်ဆီဂျင်တွေ တင်ဆောင်လာတဲ့ မက္ကဆီကိုရေတပ်သင်္ဘောတစ်စင်းဟာ သောကြာနေ့မှာ ဆိုက်ကပ်ရောက်ရှိလာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up