ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ မန့်မိုင်ရပ်ကွက်နဲ့ ပန်လုံရပ်ကွက်ကြားရှိ နမ့်ခမ်းမြို့မ ပြည်သူ့စစ်ပိုင် အိမ်နှစ်အိမ်ကို ဇူလိုင် ၃၀ ရက်နေ့ည ၇:၄၅ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အုပ်စုက လာရောက်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နမ့်ခမ်းမြို့မ ပြည်သူ့စစ်ပိုင် လောင်းကစားရုံက အစောင့်တွေထားတဲ့ အိမ် နှစ်အိမ်ကို လာပစ်တာဖြစ်ပြီး အခုလို လာရောက်ပစ်ခတ်ခံရတာ ၅ ခါလောက်ရှိပြီလို့ အမည်မဖော်လိုသူ မျက်မြင် တစ်ဦးက ပြောပါတယ်။
“ပြည်သူ့စစ်က ရှိန်ကြည်ဆိုသူနဲ့ အောင်မျိုးနိုင် ဆိုတဲ့ သူတို့ အိမ်ကို အဓိကထားပြီး ပစ်တာ။ မြို့မ ပြည်သူ့စစ်ဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိတယ်၊ သေတာ တစ်ယောက်။”
အပြန်အလှန်ပစ်ခတ်မှုအတွင်း လက်နက်ကြီးတွေနဲ့ စက်သေနတ်ကျည်တွေ နေအိမ်အချို့ပေါ် ကျရောက်ခဲ့ကြောင်း၊ စည်ပင်လမ်းနဲ့ ပန်လုံ ၉၇ ဆပ်ပြာစက်ရုံအနီး အိမ်တအိမ်မှာတော့ အိမ်ထဲထိ ကျည်ဆန်တွေ ကျတာကြောင့် ထမင်းအိုး၊ အိမ်တံခါး၊ အိမ်နံရံတွေ ထိမှန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
နှစ်ဖက်အပြန်အလှန် ၁၅ မိနစ်လောက် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့စစ်အဖွဲ့က မိနစ် ၃၀ လောက်အကြာ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“မန့်မိုင်နောက်ကျောဘက်။ ဆပ်ပြာစက်ရုံရဲ့ နောက်ကျောဘက်တွေကနေပစ်နေတာ။ ကောင်းမှုလွယ်နဲ့ တချို့အိမ်ခေါင်မိုးပေါ်ကို အစတွေတောင်ကျတယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်။ သင်္ချိုင်းကုန်း နောက်ကျော ကောင်းမှုလွယ်ထဲက အချို့ နယ်မြေ ၇ ဘက်က အချို့ အိမ်ခန်းတွေပေါ်တောင် ကျတယ်။”
ဒါ့အပြင် မူဆယ်မြို့ပေါ်မှာ ဒရုန်းတွေ ပျံဝဲခဲ့သလို တိုက်ပွဲဖြစ်ပွားရာနေရာအနှံ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့က အင်အားအများအပြားနဲ့ ကင်းချထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။