Home
မြန်မာသတင်း
မြန်မာကလေးသူငယ်များ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ပိုမိုဆိုးဝါးလာ
DVB
·
July 30, 2021

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းကာလ ၆ လကြာမြင့်လာချိန်မှာ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကူးစက်မှုနဲ့အတူ  ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု အခြေအနေတွေဟာ ပိုမိုဆိုးဝါးလာနေတယ်လို့ Save the Children အဖွဲ့က သတိပေးထားပါတယ်။

       မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနဲ့ သေဆုံးတဲ့ ကိန်းဂဏန်းအချက် အလက်တွေကို တိတိကျကျ မသိရသေးပဲနဲ့တောင် အကြမ်းဖက်စစ်ကောင်စီရဲ့ နေ့စဉ် ထုတ်ပြန်ချက်တွေအရ  ပိုးတွေ့နှုန်းဟာ ၃၇ ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာနိုင်ငံတွေထဲ အမြင့် ဆုံးအခြေအနေမှာ ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေများစွာရဲ့ အုပ်ထိန်းသူတွေလည်း ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရပြီး သေဆုံးမှုတွေကြောင့် ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ကလေးသူငယ်ဦးရေ ၁ သန်းကျော်ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် မိဘတဉီး ဆုံးရှုံးခဲ့ရပြီး စုစုပေါင်းဦးရေ ၁ သန်းခွဲကတော့ မိဘတဦး၊ ဒါမှမဟုတ် သူတို့ကို ပြုစုစောင့်ရှောက်တဲ့ အဘိုးအဘွားတဦး၊ ဆွေမျိုးသားချင်းတဦး ဆုံးရှုံးခဲ့ကြရတယ်လို့ ဒီလထဲမှာ ထုတ်ဝေတဲ့ The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျန်းမာရေးစနစ်ဟာ သိသိသာသာ ပြိုလဲသွားခဲ့ပြီဖြစ်ကာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ၊ ဆင်းရဲမွဲတေမှုနဲ့ ရောဂါတွေကြောင့် ကာကွယ်ဆေးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် မရရှိနိုင်သေးပါဘူး။

မိသားစုဝင်တိုင်းဟာ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ခွဲခွာကြရတာ၊ ဆေးဝါးကုသမှု၊ အရေးပေါ် အောက်ဆီဂျင်နဲ့ တခြားသော ဆေးဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ရရှိနိုင်ဖို့ ရုန်းကန်နေကြရပြီး ဈေးကွက်ထဲမှာလည်း မထိန်းချုပ်နိုင်တဲ့ထိ ဆေးဝါးဈေးနှုန်းတွေ ထိုးတက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန် ကတည်းက ကလေးသူငယ် ၇၅ ယောက် သတ်ဖြတ်ခံခဲ့ရပြီး အမှန်တကယ်တမ်းမှာ ဒီပမာဏထက်လည်း ပိုနေနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ကလေးသူငယ်တွေရဲ့ သုံးပုံတပုံကတော့ အသက် ၁၆ နှစ်အောက် အရွယ်တွေဖြစ်ကြပြီး အငယ်ဆုံးကတော့ အသက် ၁၈ လ အရွယ် မိန်းကလေးငယ်ဖြစ်တယ် လို့ ဆိုပါတယ်။

       လတ်တလောမှာတော့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ ရန်ကုန်အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးသူငယ်ဦးရေ အနည်းဆုံး ၁၀၄ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေဟာလည်း ပိုမိုဆိုးဝါးလာနေပြီး ကမ္ဘာ့ဘဏ်ကတော့ အခုနှစ်ထဲမှာ မြန်မာပြည်တွင်း အသားတင်ထုတ်လုပ်မှု ပမာဏ ဂျီဒီပီဟာ ၁၈ ရာခိုင်နှုန်းထိ ကျဆင်းလာနိုင်ကြောင်း ခန့်မှန်းထားပြီး အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့(အိုင်အယ်လ်အို)ကတော့ အခုနှစ်စကတည်းက လူဦးရေ ၂ ဒသမ ၂ သန်းဟာ အလုပ်လက်မဲ့တွေ ဖြစ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024