Home
ဆောင်းပါး
အလောင်းစည်သူ မင်းအောင်လှိုင်
DVB
·
July 30, 2021

နိုင်ငံရေးအကျဉ်းသားများအတွက် ထောင်တွင်းတိုက်ပွဲဆိုသည်မှာ ကိုယ့်အသက်ကိုယ် ပြတ်ပြတ်သားသားချခင်းကာ အသက်နှင့်ရင်းတိုက်ရသည်ချည်းဖြစ်သည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့်၊ ရန်သူပတ်လည်ဝိုင်းနေသော ကွင်းပြင်လယ်တွင် ပြန်လည်ခုံခံ စရာဘာမှမရှိဘဲ မိမိတို့လိုချင်သော တောင်းဆိုချက်များကို ဟစ်ကြွေးနေခြင်းမျိုးဖြစ်သည်။ ပြင်ပကမ္ဘာက ဆန္ဒပြပွဲများလို မိမိကိုယ်မိမိပြန်လည်ခုခံစရာ ဘာမှမရှိ၊ ထွက်ပြေးတိမ်းရှောင်စရာ မြေမရှိ။ ရန်သူစိတ်ကြိုက် ပစ်ကွင်းထဲ ကြိုးတုပ်ခံထားရသည့်ပမာ။

ထောင်အာဏာပိုင်တို့၏ ထောင်တွင်းတိုက်ပွဲဖြေရှင်းနည်းမှာ ပထမ၊  တောင်းဆိုချက်များကိုညှိနှိုင်းချင်ပါသည်ဟု ဒီပလိုမေစီကျွမ်းကျင်သောမျက်နှာပေးဖြင့် ဖိတ်ခေါ်ကာအချိန်ဆွဲမည်။ ဒုတိယ၊ တိုက်ပွဲဦး ဆောင်သူဟု ၎င်းတို့ယူဆသူများအား သီးခြားခွဲထုတ်ကာ ညှင်းပန်းနှိပ်စက်၊ ကျန်တိုက်ပွဲဝင်နေသူများကိုလည်း အုပ်စုလိုက်ဝင်ရောက်ရိုက်နှက်ဖြိုခွင်းမည်။ သို့မဟုတ် ပြတ်ပြတ်သားသား ကြမ်းချင်ရမ်းချင်ပါက စကားတစ်ခွန်းမဆိုဘဲ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းလေ့ရှိကြောင်း ယခင်အာဏာရှင်များလက်ထက် ထောင်တွင်းတိုက်ပွဲ အတွေ့အကြုံများက ဖော်ပြနေသည်။

ပုံမှန်အချိန်တွင် လက်လွန်ခြေလွန်ရိုက်နှက်မိသဖြင့် အကျဉ်းသားတစ်ဦးသေဆုံးခဲ့လျှင် ထောင်အာဏာပိုင်များအတွက် အဆင့်ဆင့်တာဝန်ခံရပြီး အလုပ်ပြုတ်သည်အထိ ပြဿနာကြီးသော်လည်း အာဏာရှင်ဆန့်ကျင်ပြည်သူများကို ဗြောင်သတ်ဖြတ်နေသော ယခုလိုကာလမျိုးတွင်မူ နိုင်ကျဉ်း ၁၀ ယောက်သေလည်း ပြဿနာမရှိ။ အာဏာရှင်တို့သည် သူတို့ကိုဆန့်ကျင်သူ မှန်သမျှကို နာလန်မထူနိုင်အောင်ရည်ရွယ်ကာ ရက်ရက်စက်စက် နှိမ်နင်းလေ့ရှိသဖြင့် ထောင်တွင်းတိုက်ပွဲမှန်သမျှ  ကြိုက်သလောက်သေပါစေ၊ အသံမထွက်လျှင်ပြီးရော။

ဇူလိုင် ၂၃ ရက်နံနက်ပိုင်းတွင် အင်းစိန်ထောင်တွင်းမှ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံ ပြင်ပကမ္ဘာသို့ လျှံထွက်လာခဲ့သည်။ ပြီးတော့သိပ်မကြာ ထောင်ထဲသို့ စစ်ကားများဝင်ရောက်။ အင်းစိန်ထောင်အုပ်ချုပ်ရေးကို စစ်တပ်က ကိုင်တွယ်လိုက်ပြီဖြစ်ကြောင်း သတင်းများလည်း တက်လာခဲ့သည်။ အကျဉ်းထောင်အုပ်ချုပ်ရေးကို စစ်တပ်ကကိုင်တွယ်ပြီဆိုခြင်းအပေါ် နောက်တစ်မျိုးရှင်းရှင်းပြောရသော် အကျဉ်းထောင်လက်စွဲဥပဒေနေရာတွင် နံပါတ်တုတ်နှင့် သေနတ်ကို အစားထိုးလိုက်ခြင်းဖြစ်သည်။

အင်းစိန်ထောင်တွင်း ကြွေးကြော်သံများမှာ ဇူလိုင် ၂၃ ရက် နံနက် ၇ နာရီဝန်းကျင်မှ ၈ နာရီကျော်အထိ ထွက်ပေါ်ခဲ့ပြီးနောက် လုံးဝတိတ်သွားခဲ့သည်။ နောက်ထပ်တက်လာသည့် သတင်းဆိုးက ထောင်တွင်းဆန္ဒပြသူများကို စစ်တပ်က သေနတ်ဖြင့်ပစ်သဖြင့် အကျဉ်းသား၂၀ ခန့် ကျဆုံးသွားကြောင်း စစ်တပ်ထိပ်ပိုင်းနှင့် နီးစပ်သောအသိုင်းအဝိုင်းက အတည်ပြုသည်ဆိုသော ဒီဗွီဘီသတင်း ဖြစ်သည်။

ထောင်ပြင်ပဆန္ဒပြပွဲများကိုပင် နိုင်ငံတကာသို့ သတင်းဓာတ်ပုံရော ရုပ်သံဖိုင်ပါ ချက်ချင်းပျံ့နှံ့နိုင် မှန်းသိလျက် ဗြောင်ပစ်ခတ်ရိုက်နှက်ဖမ်းဆီးနေသောစစ်ကောင်စီသည် အလုံပိတ်ထားသောထောင်အတွင်း ဆန္ဒပြသူများအား သေနတ်ဖြင့်ပစ်သတ်ဖို့ဆိုသည်မှာ အနည်းငယ်မျှပင် ဝန်လေးမည်မဟုတ်ပါ။ ထို့ကြောင့် အကျဉ်းသား၂၀ ခန့် ကျဆုံးသွားသည်ဆိုသော သတင်းကို စိတ်ချလက်ချအတည်မပြုနိုင်သေးသည့်တိုင် ဖြစ်နိုင်ခြေရှိသည့် သတင်းဖြစ်သည်။ ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနတာဝန်ရှိသူတစ်ဦးကမူ ထောင်တွင်းဆန္ဒပြသူများကို သေဆုံးသည်အထိ ရိုက်နှက်တိုက်ပိတ်ခြင်းမျိုးမရှိဟု ငြင်းဆိုခဲ့သည်။ သို့သော်၊ စစ်ကောင်စီ ပြောခိုင်း သည့်အတိုင်း အတိမ်းအစောင်းမရှိ မပြောနိုင်လျှင် အကျဉ်းဦးစီးတာဝန်ရှိသူလည်း ချက်ချင်း အလုပ်ပြုတ် လက်ထိပ်ဝတ်ရမည့်ကိန်းမို့ ၎င်း၏ ငြင်းဆိုမှုမှာ ရာနှုန်းပြည့်နီးပါးစိတ်မချရပေ။

ဇူလိုင် ၂၃ ရက်နေ့မှာပင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများက ထောင်တွင်း ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ အခြေခံလူ့အခွင့်အရေးများကိုလေးစားလိုက်နာရန် စုပေါင်းကြေညာချက်ထုတ်ပြန်ခဲ့သလို ထောင်းတွင်းဆန္ဒပြမှုကိုငြိမ်းချမ်းစွာဖြေရှင်းရန်လည်း တောင်းဆိုခဲ့သည်။

ဇူလိုင် ၂၄ ရက်နေ့ ရောက်တော့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ထောင်ထဲဝင် ရောက်လေ့လာခွင့်ပြုရန် တောင်းဆိုခဲ့သည်။

သို့သော်၊ ဇူလိုင်၂၉ ထိတိုင် စစ်ကောင်စီသည် ICRC ၏တောင်းဆိုမှုကို ဝင်ခွင့်ပြု၊ မပြု အရေး တယူအကြောင်းပြန်ခြင်းပင် မရှိပေ။ လတ်တလောတွင် စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ် အပါအဝင် အကျဉ်းသားအနည်းငယ်မျှကို စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းမှာ ‘ငါတို့အလုပ်ငါ တို့သိတယ်။ မင်းတို့ဝင်ပါစရာမလိုဘူး။’ ဆိုသည့်အပေါက်မျိုးဖြင့် ICRC ၏ တောင်းဆိုချက်ကို ငြင်းဆန်လို၍ ချူဆီပြန်ထည့်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ကိုဗစ်ကူးစက်နေမှုကို အကြောင်းပြုကာ ထောင်ဝင်စာပိတ်ထားရုံတင်မက ထောင်သတင်း အပြင်မထွက်စေရေးအတွက် ထောင်ဝန်ထမ်းတို့ကိုပါ တင်းကျပ်စွာ ကန့်သတ်ထားသည်ဟုထင်၏။

ဆိုတော့ ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနတာဝန်ရှိသူပြောသလို ဆန္ဒပြသူများကို သေဆုံးသည်အထိ ရိုက်နှက်တိုက်ပိတ်ခြင်းမရှိဆိုသည့်စကားကို မည်သို့ယုံကြည်ရမည်နည်း။ ထောင်တွင်းဆန္ဒပြမှုကို ငြိမ်းချမ်းစွာဖြေရှင်းခဲ့ရိုးမှန်လျှင် ထောင်တွင်းကိုဗစ်ကူးစက်ခံနေရမှုအခြေအနေမှာ စိုးရိမ်ရသည့်အဆင့်မဟုတ်လျှင် ဘာ့ကြောင့် ICRC ၏တောင်းဆိုမှုကို ခွင့်မပြုရသနည်း။

ICRCကို ထောင်တွင်းဝင်ရောက်ခွင့်မပြုသေးခြင်းနှင့် ထောင်တွင်းအခြေအနေ သတင်းအမှောင်ချ ထားခြင်းတို့က အကျဉ်းသားများအားလုံး၏ မိသားစုတို့အတွက် စိုးရိမ်မှုကြီးလာရသည်။ သာမန်ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံထားရသူအချို့ကို ပြန်လွှတ်ပြီး တရားစွဲဆိုခံ နိုင်ငံရေးအကျဉ်းသားများကျ ပြန်မလွှတ်ခြင်းက မေးခွန်းထုတ်စရာများစွာဖြစ်ရသည်။

နိုင်ကျဉ်းများအပေါ် အငြိုးတကြီးစိတ်ကြောင့် ပြန်မလွှတ်သည့်တိုင် လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှုပေးရန်လိုပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းကဲ့သို့ အင်းစိန်ထောင်တိုက်ထဲတွင် သီးခြားနေရသူပင် ကိုဗစ်ပိုးကူးစက်ခံရကာ သေဆုံးခဲ့သေးသည်ဆိုတော့ ၂၄ နာရီလူစုလူဝေးဖြင့်နေထိုင်ရသော အဆောင်နေ နိုင်ကျဉ်းများခမျာ မည်မျှ သည်းသည်းထန်ထန် ကူးစက်ခံနေရမည်နည်း။

ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်အချုပ်ထောင်သို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး စိုးထွဋ်သွားရောက်စဉ် နှာခေါင်းစည်းမတပ်ထားသော အချုပ်သား ၅၀ ကျော်က စုပေါင်းလေ့ ကျင့်ခန်း လုပ်ပြနေပြီး ဝန်ကြီးဟုဆိုသူစိုးထွဋ်က (ခပ်လှမ်းလှမ်းဝရန်တာတစ်နေရာမှ) အကျဉ်းသားများ ကိုယ်လက်ကြံ့ခိုင်ရေး ပြုလုပ်နေမှု စစ်ဆေးနေသည်ဆိုသော MRTV ရုပ်သံသတင်းမှာ အကျဉ်းဦးစီး၏ ကိုဗစ်ကာကွယ်ရေးအသိ မည်မျှအားနည်းကြောင်း ဖော်ပြနေပေသည်။

ကိုဗစ်ဆိုသည့်အသံကြားလျှင် စစ်တပ်ထဲနှင့်ထောင်များတွင် ကိုယ်ခံအားကောင်းအောင် ချင်း(ဂျင်း) ပြုတ်ရည်တိုက်လေ့ရှိပြီး ထိုသို့လုပ်ရုံဖြင့် အလုပ်မဖြစ်မှန်း စစ်ကောင်စီအနေဖြင့် မသိမဟုတ် သိကြသည်။ သို့သော်၊ ချင်း(ဂျင်း) ပြုတ်ရည်တိုက်တာထက်ပိုသော စီမံခန့်ခွဲမှုအဖြစ် ရန်ကုန်သုသာန်များတွင် တစ်ရက်လျှင် ရုပ်အလောင်း ၃၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မည့် မီးဖို ၁၀ လုံး တစ်ပြိုင်နက် တည်ဆောက်ရုံမျှသာ တတ်သဖြင့် ပြည်သူတို့ ပါးစပ်အဟောင်းသားဖြစ်ရသည်။

မသိခြင်း၊ သိအောင်မကြိုးစားခြင်းနှင့် သိသလိုလို တတ်သလိုလိုဟန်ဆောင်ခြင်းသည် အဆက်ဆက် သောမြန်မာအာဏာရှင်တို့၏စတိုင်မို့ ဘာမှမတတ်နိုင်။ အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ်တတိယလှိုင်းအသံ ဆူညံပွက်ကာ အချက်ပေးနေသည့်တိုင် အာဏာရှင်တို့၏ခေါင်းထဲ ကြိုတင်ပြင်ဆင်ရတော့မည်ဆိုသောအ သိမရှိသဖြင့် ဘာမှမတတ်နိုင်။ ကြိုတင်ကာကွယ်ရေးအသိမရှိ၊ ကုသရေးဆိုင်ရာပြင်ဆင်ထားမှုလည်း မရှိသဖြင့် တတိယလှိုင်း၏ဒဏ်ကို ပြည်သူတို့ လိမ့်နေအောင်ခံနေရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့စဉ် ကိုဗစ်ကူးစက်ခံနေရမှုမှာ ကိန်းဂဏန်းအတိအကျပြော၍မရ လောက်အောင် များပြားလျက်ရှိပြီး နေ့စဉ်ကိုဗစ်သံသယဖြင့်သေဆုံးနေမှုမှာလည်း ဒင်းကြမ်းပြည့်နေဆဲဖြစ်သည်။ အာဏာရရှိရေးကလွဲ ဘာမှမမြင်နိုင်သော မင်းအောင်လှိုင်အတွက်မူ ပြည်သူဘယ်လောက်ကူးကူး၊ ပြည်သူဘယ်လောက်သေသေ အေးဆေးရုံတင်မက ပြည်သူတို့၏ လိုအပ်ချက်ကိုထိန်းချုပ်၊ ပြည်သူ့လည်မျိုကို အောက်ဆီဂျင်ဖြင့်ပြန်ညှစ်ကာ ကိုဗစ်ရောဂါအား လက်နက်အဖြစ်အသုံးချခဲ့သည်။

ကိုဗစ်ရောဂါသည်းထန်နေသောလူနာများကိုပင်ပြည်သူ့ဆေးရုံများက လက်မခံနိုင်၍  ကိုယ့် ဘာသာ အဆင်ပြေသလို အိမ်မှာကုနေရခြင်းမှာ ကိုဗစ်မုန်တိုင်းထန်နေသော မြို့တိုင်းရွာတိုင်းတွင်ဖြစ်ပြီး အောက်ဆီဂျင်လိုအပ်ချက်ရှိသဖြင့် ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများရှေ့ အချိန်ကြာမြေ့စွာ တန်းစီစောင့် နေကြရှာသောပြည်သူတို့၏သောကကို ပြည်သူချင်းသာ မျှဝေခံစားနိုင်ခဲ့သည်။

အောက်ဆီဂျင်မရသဖြင့် ကွယ်လွန်သွားကြရှာသူ နေ့စဉ်မနည်းမနောဖြစ်သည်။ မင်းအောင်လှိုင်က အောက်ဆီဂျင်ဖြင့်နိုင်ငံရေးအမြတ်မထုတ်ရန် အတည်ပေါက်ပြောကြားခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံများကို အများပြည်သူထံရောင်းချခြင်းမပြုရန် စစ်ကောင်စီက ညွှန်ကြားလိုက်သည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ပါမှ အောက်ဆီဂျင်ဝယ်ခွင့်ရရှိမည်ဆိုသော စနစ်။ ဒါကိုနောက်တစ်မျိုးဆိုရသော် အရေးပေါ်အောက်ဆီဂျင်လိုအပ်နေသော ပြည်သူတစ်ဦး၏အသက်သည် စစ်ကောင်စီအခြေခံအုပ်ချုပ်ရေး၏ လက်မှတ်တစ်ချက်အပေါ် မူတည်နေသည်ဆိုသည့်သဘော။ စစ်ကောင်စီအနေနှင့် ၎င်းတို့ကျွမ်းကျင်သော ခြိမ်းခြောက်အကျပ်ကိုင်ခြင်းနည်းဖြင့် ကိုဗစ်ကို အသုံးချကာ အာဏာပလ္လင်ပေါ် တွယ်ကပ်တက်နေသည့် သဘောလည်းဖြစ်သည်။

ယခုဆောင်းပါးကိုချုပ်ရသော် စစ်ကောင်စီသည် ကိုဗစ်တတိယလှိုင်းကို ကိုင်တွယ်နိုင်ခြင်းမရှိ၊ ကိုင်တွယ်ရန်လည်းမကြိုးစားဘဲ ကိုဗစ်သတ်၍သေနေသော အလောင်းပုံကြီးကိုလက်ညှိုးထိုးပြ ခြိမ်း ခြောက်ကာ အမြတ်ထုတ်ရန်သာကြံဆလျက်ရှိသည်။ ထို့ပြင် နေ့စဉ်ပြည်သူများစွာ သေဆုံးနေသည့်တိုင် ဘာဆိုဘာမှမဖြစ်သလိုဖြင့် နိုင်ငံတကာအကူအညီရယူရန် မကြိုးစားခြင်းမှာ သိက္ခာအကျမခံဘူးဆိုသည့် အာဏာရှင်တို့၏တလွဲမာနနှင့်အချိန်တန် လျှင်ပြီးသွားမည်ဆိုသည့် ပြည်သူအပေါ် စေတနာခေါင်းပါးမှုကြောင့်ဖြစ်သည်။

ထို့ကြောင့်မင်းအောင်လှိုင်ထံမှ တစ်စုံတစ်ရာရလိမ့်နိုး မျှော်လင့်နေခြင်းသည် ဉာဏ်နည်းလွန်းရာ ကျပေမည်။ ICRC သည်လည်း ထောင်ထဲဝင်ရောက်ခွင့်ရမည် မဟုတ်။ နိုင်ငံတကာအကူအညီများကိုလည်း စစ်ကောင်စီ စိတ်ကြိုက်ချယ်လှယ်အသုံးချခွင့်မရခဲ့လျှင် လက်ခံမည်မဟုတ်။ မင်းအောင်လှိုင်နှင့်စကားပြောဆိုရမည့်အချိန်သည် ကုန်ဆုံးခဲ့ပြီ။

အရူးလက်ထဲရောက်နေသော သေနတ်ကို ကျွန်ုပ်တို့ မည်သို့ရိုက်ချိုးဖျက်ဆီးကြမည်နည်း။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024