ရိုးရာခြင်းလုံးတွင် မြန်မာအမျိုးသား/အမျိုးသမီး ရွှေ ၂ ခု ထပ်မံဆွတ်ခူး

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာခြင်းလုံး အခြေခံအဆင့် မျိုးကွဲပြိုင်ပွဲကို ဒီနေ့ ၀ဏ္ဏသိဒ္ဓိကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအမျိုးသား/အမျိုးသမီး နှစ်သင်းလုံး ရွှေတံဆိပ် ထပ်မံရရှိခဲ့ပါတယ်။ menအမျိုးသားခြင်းလုံး အခြေခံမျိုးကွဲပြိုင်ပွဲမှာ မြန်မာအမျိုးသားခြင်းလုံးအသင်းက စုစုပေါင်း ၃၅၉ မှတ်နဲ့ ပထမရရှိခဲ့ပြီး ကမ္ဘောဒီးယားအမျိုးသားခြင်းလုံးအသင်းက စုစုပေါင်း ၂၉၁ မှတ်နဲ့ ဒုတိယရရှိသွားပါတယ်။ အမျိုးသမီးခြင်းလုံး အခြေခံမျိုးကွဲပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက စုစုပေါင်း ၂၈၉ မှတ်နဲ့ ပထမရရှိခဲ့ပြီး လာအိုအသင်းက စုစုပေါင်း ၂၀၄ မှတ်နဲ့ ဒုတိယရရှိသွားပါတယ်။ အခြေခံအဆင့် မျိုးကွဲပြိုင်ပွဲဟာ အခြေခံထိချက် ၆ ချက်ဖြစ်တဲ့ ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဘေးဖ၀ါး၊ ဘေးဖနောင့်၊ ဘေးဖမျက်ထိချက် (၆) ချက်ကို ကစားသမား ၆ ဦး တဦးချင်းစီ ထိချက်တမျိုးစီမတူအောင် ခတ်ကစားတဲ့ နည်းဖြစ်ပါတယ်။ ရိုးရာခြင်းလုံး ပြိုင်ပွဲကို အဆင့် ၄ ဆင့် ခွဲခြားထားပြီး (၁) အခြေခံအဆင့် မျိုးကွဲပြိုင်ပွဲ၊ (၂) အခြေခံအဆင့် မျိုးတူးပြိုင်ပွဲ၊ (၃) အခြေခံအဆင့် အတွဲပြိုင်ပွဲ၊ (၄) ဒုတိယအဆင့်မျိုးကွဲပြိုင်တို့ ဖြစ်ပါတယ်။ ရိုးရာခြင်းလုံး ကစားနည်း ၄ မျိုးအနက် တမျိုးမှာ ကစားသမား ၈ ဦး ပါဝင်ပါတယ်။ ပြိုင်ပွဲစတင်ချိန်မှာ ကစားသမား ၆ ဦး ပါဝင်ရမှာဖြစ်ပြီး ကျန်ကစားသမား ၂ ဦးက အရန်ကစားသမားအဖြစ် ထည့်သွင်း အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။ မြန်မာအမျိုးသား/အမျိုးသမီးအသင်း နှစ်သင်းလုံး အခြေခံအဆင့် မျိုးတူပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာက ရိုးရာခြင်းလုံးမှာ ရွှေ ၄ ခုနဲ့ ၀ူရှူးမှာ ၂ ခု စုစုပေါင်း ရွှေတံဆိပ် ၆ ခု ရရှိထားပါတယ်။ ရိုးရာခြင်းလုံး (ခေါ်) ၀ိုင်းခြင်း ကစားနည်းကို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက တွင်တွင်ကျယ်ကျယ် ကစားခဲ့ကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up