ကိုဗစ်-၁၉ ရောဂါကုသရာမှာ အသုံးပြုတဲ့ အောက်ဆီဂျင်၊ ဆေးဝါးတွေနဲ့ဆက်စပ်ပစ္စည်းတွေ ဝယ် ယူဖို့၊ ဆေးရုံ၊ဆေးခန်းနဲ့ ကွာရန်တင်းစင်တာတွေအတွက် အသုံးစရိတ်ကျခံသုံးစွဲဖို့ ကန့်သတ်ထားတဲ့ပမာဏထက် ကျော်လွန်ပြီး ဘဏ်ငွေ ထုတ်ယူခွင့်ပေးဖို့ ဇူလိုင် ၂၈ ရက်နေ့မှာ ဗဟိုဘဏ်က ညွှန်ကြားလိုက်ပါတယ်။
ဒါပေမဲ့ ငွေထုတ်ယူလိုသူအနေနဲ့ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ တင်ပြဖို့ လိုအပ်မှာဖြစ်ပြီး၊ ဘဏ်တွေက သက်ဆိုင်ရာဘဏ် မူဝါဒအတိုင်း ငွေသားလက်ကျန်အပေါ် မူတည်ပြီး ငွေထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်က ဘဏ်ငွေစာရင်းအသီးသီးက ငွေသားထုတ်ယူရာမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်ကို အများဆုံး ကျပ်သိန်း ၂၀ နဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေအတွက် တစ်ပတ်ကို အများဆုံးကျပ် သိန်း ၂၀၀ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ဘဏ်တွေကတော့ သက်ဆိုင်ရာဘဏ်ရဲ့ မူဝါဒကိုယ်စီနဲ့ ငွေပမာဏသတ်မှတ်ပြီး ထုတ်ပေးနေကြတာဖြစ်ပါတယ်။
ကိုဗစ်ရောဂါ ခံစားနေရသူတစ်ဦးက “ရောဂါကုဖို့အတွက် ကိုယ်ပိုင်တဲ့ငွေကို ဘဏ်စာရင်းကထုတ်ယူတာ ထောက်ခံစာသွားလုပ်ရဦးမယ်၊ ဒါတောင် သေချာစိစစ်ပြီးမှ ထုတ်ပေးမှာဆိုတော့၊ မိသားစုလိုက် ကိုဗစ်ဖြစ်လို့ ငွေတကယ်လိုနေလည်း ဘဏ်ငွေထုတ်ရဖို့က လွယ်မှာမဟုတ်ဘူး။ ဘဏ်နဲ့ နီးစပ်တဲ့ သူတွေကတော့ အလွယ်တကူရလိမ့်မယ်ထင်တယ်” လို့ ပြောပါတယ်။
လက်ရှိပြည်သူတွေကြားမှာတော့ ငွေသားရှားပါးမှု ကြုံတွေ့နေရဆဲပြီး၊ ဘဏ်အကောင့်ထဲက မြန်မာကျပ်ငွေကို အပြင်မှာ ရာခိုင်နှုန်းတချို့ပေးပြီး ငွေသားနဲ့ လဲလှယ်သုံးစွဲနေရဆဲပဲဖြစ်ပါတယ်။