Home
Lead Story
နယ်လ်ဆင်မန်ဒဲလားရဲ့ ဘ၀ဖြတ်သန်းမှုအကြောင်း တစေ့တစောင်း
DVB
·
December 6, 2013
တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားဟာ အဆုတ်ရောဂါကို ကာလကြာ ခံစားခဲ့ရပြီးနောက် အသက် ၉၅ နှစ်အရွယ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။    တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ မင်ဒဲလားဟာ သွေးထွက်သံယိုမှုတွေနဲ့ အရှုပ်အထွေးတွေကြားက သူ့တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဦးဆောင်ခဲ့တဲ့ အရှိန်အ၀ါကြီးမားတဲ့ နိုင်ငံရေးသမားတဦးအဖြစ် ကမ္ဘာတ၀ှမ်း အသိအမှတ်ပြုခံရတာလည်း ဖြစ်ပါတယ်။ အရှိုဆာ လူမျိုးစုခေါင်းဆောင်တယောက်ရဲ့ သားဖြစ်တဲ့  မင်ဒဲလားကို ၁၉၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့က ထရန်စကေ နယ်မြေမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။  သူဟာ ဖို့ဒ်ဟဲ တက္ကသိုလ်မှာ ပညာသင်ယူနေချိန်အတွင်း ကျောင်းသားရွေးကောက်ပွဲတွေကို သပိတ်မှောက်တာတွေ ဖြစ်လာခဲ့ပြီး သူရဲ့ စာသင်ယူနေမှုလည်း တပိုင်းတစနဲ့ ရပ်တန့်သွားခဲ့ပေမယ့် မင်ဒဲလားဟာ ဥပဒေဘာသာရပ်ကို ဆက်လက်လေ့လာခဲ့ပါတယ်။ [caption id="attachment_47820" align="alignleft" width="300"]Photo by Reuters Photo by Reuters[/caption] ရွှေမိုင်းတခုရဲ့ လုံခြုံရေးအစောင့်အဖြစ် ပထမဆုံး အလုပ် စတင်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတော့ အိမ်ခြံမြေ အကျိုးဆောင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ လူမျိုးရေးခွဲခြားမှုတွေ စဖြစ်လာပြီးနောက်မှာတော့ သူနဲ့ တခြား လူငယ်တွေဟာ အာဖရိကန် အမျိုးသားကွန်ဂရက် (ANC) ရဲ့ ခေါင်းဆောင်ပိုင်းကို နေရာယူခဲ့ကြပြီး  စစ်ရေးရော နိုင်ငံရေးပါ စည်းရုံးတိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲ ခဲ့ပါတယ်။  အကြမ်းမဖက် ဆောင်ရွက်ချက်တွေ လုပ်ဆောင်ချိန်မှာပဲ ANC ကွန်ဂရက်ဟာ လူပေါင်း ၈၅၀၀ လောက် အဖမ်းခံခဲ့ရတဲ့ ပြည်သူ့ဆန္ဒပြပွဲတွေကို လုပ်ဆောင်လာခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်က ရှာပေဗေးလ်မှာ လူမျိုးရေးခွဲခြားတဲ့ ဥပဒေတွေကို ဆန္ဒပြပွဲအတွင်း လုံခြုံရေး တပ်ဖွဲ့တွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအ၀င် လူမည်း ၆၉ ယောက် သေဆုံးခဲ့ရတာဟာ အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့ အချိန်အခါကို ကျရောက်ခဲ့ရပါတယ်။ ဒီလို လူတွေ အစုအပြုံလိုက် အသတ်ခံရမှုဟာ ANC ရဲ့ အကြမ်းမဖက်ရေး မူဝါဒကို စွန့်လွှတ်လိုက်စေပြီး လက်နက်ကိုင် ခုခံတော်လှန်ကြဖို့ ပထမဆုံး စည်းရုံးပြောဆိုသူတွေထဲမှာ မင်ဒဲလား ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ မြေအောက် တော်လှန်ရေးပုံစံကို သွားရင်း တိုင်းပြည်ရဲ့လှံတံလို့ အမည်ရတဲ့  အေအန်စီ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ နောက် ၂ နှစ်တာ ကာလအတွင်းမှာတော့ ANC ဟာ အများပြည်သူပိုင် အဆောက်အဦ တွေနဲ့ ဓာတ်အားလိုင်းတွေကို ဖောက်ခွဲဖျက်ဆီးတာတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေးတွေ ဖြတ်တောက်ပြီး နေရာအနှံ့ မီးကွင်းပစ် မီးရှို့တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မင်ဒဲလားဟာ တောင်အာဖရိကကနေ ထွက်ခွာပြီး အာဖရိကတိုက်နဲ့ ဥရောပဆီ ခရီးထွက်ပြီး ပြောက်ကျား စစ်ဆင်ရေးနဲ့ အာဖရိကန် အမျိုးသား ကွန်ဂရက်အတွက် ကူညီထောက်ပံ့မှုတွေ တည်ဆောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၆၂ မှာ သူပြန်လာတော့ အဖမ်းခံရပြီး လှုံ့ဆော်မှု၊ နိုင်ငံမှ တရားမ၀င် ထွက်ခွာမှုတွေအတွက် ထောင် ၅ နှစ် ကျခဲ့ပါတယ်။ ထောင်ဒဏ် ကျခံနေရစဉ်အတွင်းမှာပဲ ၁၉၆၃ ခုနှစ်မှာ မင်ဒဲလားကို နောက်ထပ် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတွေနဲ့အတူ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားထပ်စွဲခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ မင်ဒဲလားဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက တသက်တကျွန်းဆိုတဲ့ ထောင်ဒဏ်ဟာ ကောင်းမွန်စွာနေထိုင်ရင်  အနှစ် ၂၀ လို့ သတ်မှတ်ထားတာဖြစ်ပေမယ့် ကိပ်တောင်းမြို့ပြင်ဘက် တေဘလ်ကမ်းခြေက နာမည်ကျော် ရော့ဘန်ကျွန်း အကျဉ်းစခန်းမှာ ကျောက်ခွဲကျောက်ထု လုပ်ကိုင်ခဲ့ရတဲ့ မင်ဒဲလားကတော့ ၂၇ နှစ် ထောင်ကျခဲ့ရပါတယ်။ မင်ဒဲလားနဲ့ သူ့ရဲဘော်တွေ ထောင်တွင်းမှာ ပင်ပန်းဆင်းရဲနေချိန်မှာ  အေအန်စီ အာဖရိကန် အမျိုးသား ကွန်ဂရက်ဟာ တားမြစ်ပိတ်ပင်ခံထားရပေမယ့် မစွန့်ခွာခဲ့ပါဘူး။ လူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း အစိုးရက ပိုပြီး နှိမ်နင်းဖြိုခွင်းတာတွေ လုပ်လေလေ လူမည်း လူငယ်တွေကလည်း ပိုပြီး တော်လှန်တိုက်ခိုက်ကြလေ အရှိန်မြင့်လာခဲ့ကြပါတယ်။ ထိရောက်တဲ့ ပြောက်ကျား တိုက်ခိုက်ရေးအဖွဲ့ မရှိသေးပေမယ့်လည်း အေအန်စီ ဟာ တောင်အာဖရိကရဲ့ ပြည်တွင်းပြည်ပက ထောက်ပံ့ကူညီမှုတွေ ရခဲ့ပြီး လူမည်းကျောင်းတွေမှာ သပိတ်မှောက်တာတွေ၊ လူဖြူတွေရဲ့ စီးပွားရေးတွေကို သပိတ်မှောက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၈ မှာတော့ မင်ဒဲလားရဲ့ အသက် ၇၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ ပေါ့ပ်နဲ့ ရော့ခ် ဂီတအနုပညာရှင်တွေက ဂုဏ်ပြုဂီတပွဲတစ်ခု ကျင်းပခဲ့တာကို လူပေါင်း သန်း ၄၀၀ လောက် ကြည့်ရှုခဲ့ပါတယ်။ မင်ဒဲလားဟာ လူနည်းနည်းလောက်ကပဲ သူ့ကို သိကြတယ်လို့ ထင်ထားပေမယ့် သူဟာ ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံရေးအကျဉ်းသား ဖြစ်လာခဲ့ပါတယ်။ မင်ဒဲလားဟာ သူ့လွတ်မြောက်ဖို့အတွက် ညှိနှိုင်းရတာမျိုးကို ငြင်းဆန်ပြီး ထောင်ထဲမှာ နှစ်ပေါင်း ၃၀ လောက် ကျခံခဲ့ပြီးနောက်မှာတော့ ဗစ်တာဗာစတာ ထောင်ကနေ ၁၉၉၀ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လွတ်မြောက်ခဲ့ပါတယ်။ “ဒီဂိတ်တွေကို ဖြတ်ကျော်လမ်းလျှောက်လာရင်း အသက် ၇၁ နှစ် ပြည့်တဲ့အချိန်မှာ ငါ့ဘ၀ကို အသစ်ပြန်စခဲ့ပြီလို့တောင် ခံစားရတယ်။ ရက်ပေါင်း ၁ သောင်း ထောင်တွင်းနေ့ရက်တွေ နောက်ဆုံးတော့လည်း ပြီးဆုံးသွားပါပြီ” လို့ မင်ဒဲလားက ထောင်က လွတ်တဲ့နေ့နဲ့ပတ်သက်ပြီး ရေးသားခဲ့ပါတယ်။ သူ ထောင်ကလွတ်လို့ ၂ ရက်အကြာ အိမ်အပြန်ခရီးမှာတော့ ဆိုဝီတို လူထုဟာ အုတ်အော်သောင်းတင်း ကြိုဆိုခဲ့ကြပြီး တောင်အာဖရိက သမိုင်းမှာ အကြီးဆုံး နိုင်ငံရေးဆိုင်ရာ လူထုစည်းဝေးကြီးကို အားကစားရုံကြီးမှာ လူပေါင်း ၁ သိန်း ၂ သောင်းကျော်လောက် စုဝေးခဲ့ကြပါတယ်။ နောက်တော့ မင်ဒဲလားဟာ ၃ လအတွင်းမှာပဲ သူ့ရဲ့ မဖျက်သိမ်းသေးတဲ့  အေအန်စီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တောင်အာဖရိကသမ္မတ F.W ဒီကလပ်နဲ့ အစိုးရအာဏာပိုင်တွေကို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မင်ဒဲလားဟာ ၁၉၉၁ ဇူလိုင်မှာတော့ ကျန်းမာရေးမကောင်းတဲ့ အိုလီဗာ တမ်ဘိုရဲ့ နေရာမှာ အာဖရိကန်အမျိုးသားကွန်ဂရက်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရပြီး လူဖြူတွေ ဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းဖို့ အခွင့်အာဏာ ပေးအပ်ခံခဲ့ရပါတယ်။ လူဖြူတွေရဲ့ အုပ်စိုးမှုကို အဆုံးသတ်ဖို့နဲ့ တောင်အာဖရိကနိုင်ငံကို လူမျိုးပေါင်းစုံ ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ပြောင်းလဲဖို့ ဖော်ဆောင်တဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မင်ဒဲလားနဲ့ ဒီကလပ်ဟာ ၁၉၉၃ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပူးတွဲ ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီကလပ်ရဲ့ အစိုးရဟာ နိုင်ငံရေးနဲ့ လူမျိုးစုရေး အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းသွားအောင် လုပ်ဆောင်တာ မလုံလောက်သေးဘူးလို့ မင်ဒဲလားက စွပ်စွဲ ဝေဖန်ပေမယ့်လည်း အမျိုးသားရင်ကြားစေ့ရေး လက္ခဏာတရပ်အဖြစ် ဒီဆုကို ပူးတွဲလက်ခံဖို့ သဘောတူခဲ့ပါတယ်။ တောင်အာဖရိကရဲ့ ပထမဆုံး လူမျိုးပေါင်းစုံ ရွေးကောက်ပွဲကို ဦးဆောင်နေစဉ်အတွင်းမှာ အဓိကအားဖြင့် အာဖရိကန် အမျိုးသားကွန်ဂရက် ANC နဲ့ Inkatha Freedom Party (IFP) ထောက်ခံသူတွေအကြား ဖြစ်ခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှုမှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဇူးလူး နန်းဆက်က အခိုင်အမာ နေရာယူထားတာကို ဖွဲ့စည်းပုံပြင်ဆင်ချက်ဆိုင်ရာ သဘောတူညီမှု ရထားပြီးနောက်မှာ မင်ဒဲလား၊ IFP ခေါင်းဆောင် မန်ဂိုဆူတူ ဘူသီလယ်ဇီနဲ့ ဒီကလပ်တို့အကြားက ဆွေးနွေးမှုတွေမှာ နောက်ဆုံးမှာတော့ ဘူသီလယ်ဇီဟာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ၁၉၉၄ ဧပြီလမှာ ကျင်းပတဲ့ ၄ ရက်တာ ရွေးကောက်ပွဲ မဲဆန္ဒပေးရက်တွေ အတွင်းမှာ တော့ ခန့်မှန်း လူ ၂၃ သန်းလောက်ဟာ အကြမ်းဖက်မှု မရှိ မဲဆန္ဒပေးခဲ့ကြရပါတယ်။ မင်ဒဲလားရဲ့ အာဖရိကန် အမျိုးသား ကွန်ဂရက်က ၆၂.၂၅ ရာခိုင်နှုန်း နဲ့ မဲဆန္ဒ အနိုင်ရခဲ့ပြီး ဒေသဆိုင်ရာ အစည်းအဝေး ၉ ခုမှာ ၈ ခုကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ၁၉၉၄ မေလ ၁၀ ရက်နေ့မှာတော့ မင်ဒဲလားဟာ ကမ္ဘာ့ပရိသတ်ရှေ့မှောက်မှာပဲ တောင်အာဖရိကရဲ့ ပထမဆုံးနိုင်ငံ့ခေါင်းဆောင်အဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရပါတယ်။ တောင်အာဖရိက လူမည်း သန်းပေါင်းများစွာ စိတ်ကူးယဉ် အိမ်မက်ဖြစ်တဲ့ မင်ဒဲလား သမ္မတ တာဝန် ထမ်းဆောင်မှုဟာ တကယ် ဖြစ်လာခဲ့ပါတယ်။ ၁၉၉၅ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွင်းမှာ တောင်အာဖရိကရဲ့ လူဖြူအမျိုးသား ရပ်ဘီ အားကစားအသင်းရဲ့ ဂျာဆီအင်္ကျီ ၀တ်ဆင်လိုက်ချိန်မှာ လူဖြူတွေအပေါ် သူ အောင်မြင်မှု ရခဲ့ပါတယ်။ မင်ဒဲလားဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ အဓိကနေရာမှာ ပါဝင်ခဲ့ပြီး သူနဲ့ကမ္ဘာကြီး တသားတည်း ရှိခဲ့ပါတယ်။ သူ့ရဲ့ လူသားဆန်မှု၊ ဂုဏ်သိက္ခာနဲ့ အမြဲပြုံးနေတဲ့ သူ့အသွင်ကို အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ကနေ ဒလိုင်းလားမားအထိ ကမ္ဘာ့ခေါင်းဆောင်တွေ ချီးကျူးခဲ့ကြပါတယ်။ မင်ဒဲလားဟာ ဇိုင်ဘီရန်သမ္မတ မိုဘူတူ ဆီဆီ ဆီကိုနဲ့ သူပုန်ခေါင်းဆောင် လောရန့် ကာဘီလာ တို့အကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးပွဲအတွင်း ကြားနေအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ သူ့ရဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်ပေးမှု ပျက်သွားခဲ့ပြီး မိုဘူတူက ပြည်ပကို ရှောင်တိမ်းသွားကာ ကာဘီလာက ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံကို အမည်ပေး အာဏာ ယူခဲ့ပါတယ်။ မင်ဒဲလားဟာ အာဏာကို တာရှည်ဆုပ်ကိုင်မထားပဲ သမ္မတသက်တမ်း ၅ နှစ်ကို တကြိမ်သာ ထမ်းဆောင်ပြီး မျိုးဆက်သစ် လူငယ်ခေါင်းဆောင် သာဘို အမ်ဘေကီကို ရာထူးလွှဲပြောင်းပေးခဲ့တာလည်း အခြား အာဖရိကန်ခေါင်းဆောင်တွေအကြား ထူးခြားတဲ့ စံနမူနာတခု ဖြစ်ခဲ့ပါတယ်။ မင်ဒဲလားဟာ ရာထူးစွန့်ပြီးနောက်မှာတော့ နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ် တယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ အခြားလူမျိုးစုတွေအကြား စစ်မက်ဖြစ်ပွားမယ့် ကိစ္စတွေမှာ အာဏာခွဲဝေ ဆောင်ရွက်ဖို့ ကြားဝင် အကျိုးဆောင်ပေးခဲ့ပါတယ်။ သူ့နိုင်ငံမှာဆိုရင်လည်း အစိုးရရဲ့ HIV/AIDS  ကိစ္စတွေမှာ အငြင်းပွားစရာ သုံးသပ်ချက်တွေကို လူသိရှင်ကြား စိန်ခေါ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင်က ဘာစီလိုနာမှာ ကျင်းပတဲ့ ကိုယ်စားလှယ်ပေါင်း ၁ သောင်းခွဲ တက်ရောက်ကြတဲ့ ကမ္ဘာ့အကြီးဆုံး AIDS ညီလာခံကြီးမှာ သူ့ကို တခဲနက် ကြိုဆိုခဲ့ကြပါတယ်။ မင်ဒဲလားဟာ သူ့ရဲ့ ပရဟိတလုပ်ငန်းတွေအတွက် နယ်လ်ဆင်မင်ဒဲလား ဖောင်ဒေးရှင်းနဲ့ နယ်လ်ဆင်မင်ဒဲလား ကလေးသူငယ် ရန်ပုံငွေတို့ကို တည်ထောင်ထားပြီး အဲဒီကနေရတဲ့ အလှူငွေတွေနဲ့ တောင်အာဖရိက တနိုင်ငံလုံးမှာ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ တခြားအဆောက်အဦတွေကို ဆောက်လုပ်ပေးထားပါတယ်။ မင်ဒဲလားဟာ အသက်ကြီးပိုင်းမှာ လူထုမြင်ကွင်းကနေ အနားယူခဲ့ပြီး သူ့မိသားစုကို အချိန်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခါအားလျော်စွာ လူမြင်ကွင်း ထွက်လာတာမျိုး၊ ရန်ပုံငွေ ရှာဖွေရေးပွဲတွေကို တက်ရောက်ခြင်းနဲ့ လာရောက်တွေ့ဆုံကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေကို လက်ခံတွေ့ဆုံခြင်းတွေကိုတော့ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ANC ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဂျက်ကော့ဘ်ဇူးမားရဲ့ ရွေးကောက်ပွဲကို အကျိုးသက်ရောက်စေမယ့် နိုင်ငံရေးနဲ့ အာဏာ အားပြိုင်မှုတွေမှာ ထိန်းကျောင်းပေးခဲ့ပြီး သမ္မတ သာဘို အမ်ဘေကီက ရာထူးစွန့်သွားပါတယ်။ မင်ဒဲလားဟာ ၂၀၀၉ ခုနှစ် ဧပြီလမှာ ပြုလုပ်တဲ့ သမ္မတရွေးကောက်ပွဲတွေမှာ ဇူးမားကို အားပေးထောက်ခံခဲ့ပြီး ANC ကွန်ဂရက်ရဲ့ ၄ ကြိမ်မြောက် အောင်မြင်မှုအဖြစ် ဇူးမားရဲ့ သမ္မတရာထူး ဆက်ခံပွဲကို တက်ရောက်ခဲ့ပါတယ်။ မင်ဒဲလားဟာ ၅၂ သန်းသော တောင်အာဖရိက ပြည်သူတွေအတွက် သူရဲကောင်း အဖြစ် ဆက်ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ်ကတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် မီဒီယာတွေမှာ တခါ သူ့သတင်းတွေ ဝေဆာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှာ အသက်ရှူခက်ခဲတဲ့ အခြေအနေကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလမှာ ပြင်းထန်တဲ့ ၀မ်းဗိုက်နာကျင်မှု ခံစားရလို့ ပရီတိုးရီးယားစ် ၁ စစ်ဆေးရုံကို တက်ခဲ့ရပါသေးတယ်။ နောက်ပိုင်းမှာလည်း သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် အရှေ့ဘက်အငူက ဘိုးဘွားပိုင် ကျူနုရွာလေးမှာ သွားရောက် အနားယူခဲ့ပါတယ်။ တဖြည်းဖြည်း ကျန်းမာရေး ယိုယွင်းလာတာကြောင့် နာမည်ကြီး ပြည်တွင်းပြည်ပ ဧည့်သည်တော်တွေကို လက်ခံ တွေ့ဆုံခဲ့ပေမယ့်လည်း လူမြင်ကွင်းကိုတော့ မထွက်နိုင်တော့ပါဘူး။ နယ်လ်ဆင်မင်ဒဲလားရဲ့ နိုင်ငံရေးဩဇာ အရှိန်အ၀ါနဲ့ သူ့ကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့တဲ့ လူဖြူအုပ်စိုးသူတွေနဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်နိုင်ခြင်းတွေဟာ လူဖြူတွေ အုပ်စိုးထားတဲ့ တောင်အာဖရိကနိုင်ငံကို ပြည်တွင်းစစ် မဖြစ်စေပဲ ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့တသက်တာမှာ အမျိုးသားရေး ကြိုးပမ်းမှုတွေနဲ့ ထောင်သွင်း အကျဉ်းချခံရပြီးနောက်မှာတော့ ကမ္ဘာ့အနာမည်အကြီးဆုံး အကျဉ်းသားအဖြစ်ကနေ ကမ္ဘာ့ အလေးစားရဆုံး နိုင်ငံရေး ၀ါရင့်ပုဂ္ဂိုလ်တယောက် ဖြစ်လာခဲ့ပါတယ်။ အာဖရိကရဲ့ ၀ါရင့် နိုင်ငံရေးဩဇာ ကြီးမားတဲ့ပုဂ္ဂိုလ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စံပြပုဂ္ဂိုလ်အဖြစ် တောင်အာဖရိက အသိုင်းအ၀ိုင်းပေါင်းစုံက သံသယမရှိ ချီးကျူးဂုဏ်ပြုရတဲ့ မင်ဒဲလားဟာ နိုင်ငံတကာက ချစ်ခင်လေးစားမှု၊ အားကျကြည်ညိုမှု၊ ဂုဏ်သိက္ခာကြီးမြတ်မှုတွေနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးတယောက် ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024