Home
မြန်မာသတင်း
နယ်လ်ဆင်မင်ဒဲလားအတွက် ၀မ်းနည်းကြေကွဲကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
December 6, 2013
လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေး အတွက် ရပ်တည်ခဲ့တဲ့ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား ကွယ်လွန်သွားတဲ့ အတွက် အထူး ၀မ်းနည်းကြေကွဲမိတဲ့အကြောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ z3 copyရန်ကုန်မြို့မှာ ကျင်းပတဲ့  ကမ္ဘာ့အမျိုးသမီးဖိုရမ်  အဖွင့်မိန့်ခွန်းမှာ  ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူတဦးတယောက်ကမှ  မွေးဖွားလာတဲ့ အသားအရောင် ဒါမှမဟုတ် အခြေအနေတွေကြောင့် အပြစ်ပေးမခံရသင့်ဘူးဆိုတာကို  နယ်လ်ဆင်မင်ဒဲလားက အားလုံးကို နားလည်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့  ပြောကြားသွားပါတယ်။ “ကျမတို့ ကမ္ဘာကို ပြောင်းလဲနိုင်တယ်ဆိုတာကို နားလည်အောင်သူက လုပ်ပေးခဲ့တယ်၊ အသိအမြင်တွေ သဘောထားတွေကို ပြောင်းလဲလိုက်ခြင်းအားဖြင့် ကမ္ဘာကို ကျမတို့က ပြောင်းလဲပစ်နိုင်ပါတယ်။ လူသားတွေရဲ့ စံနှုန်းကို မြှင့်တင်ပေးလိုက်တဲ့ တကယ်ကို ကြီးကျယ် မြင့်မြတ်တဲ့ လူတဦးအဖြစ် သူကို အမှတ်ရနေမှာပါ။” အသက် ၉၅ နှစ်အရွယ်  အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်  နယ်လ်ဆင်မင်ဒဲလားဟာ  ဒီဇင်ဘာ ၅ ရက်  ဒေသစံတော်ချိန်  ည ၉ နာရီလောက်မှာ  ကွယ်လွန်သွားတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ အမျိုးသမီးဖိုရမ်ကို ရန်ကုန်မြို့ချက်ထရီယံ ဟိုတယ်မှာ  ပြင်သစ်သံရုံးရဲ့ အစီအစဉ်နဲ့  ဒီဇင်ဘာ ၆ ရက်နေ ၇ ရက်ထိ ၂  ရက်ကြာ ကျင်းပနေတာ ဖြစ်ပြီး  စီးပွားရေးနဲ့ လူမှုအသိုင်းအ၀န်းအတွက်   အမျိုးသမီးတွေရဲ့ ဖိုရမ် ခေါင်းစဉ်နဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဖိုရမ်ရဲ့ ဥက္ကဋ္ဌ ဗာရိုးနစ်မိုရာလီနဲ့   အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်) အကြီးအကဲ ခရစ်စတင်းလာဂတ်တို့ အပါအ၀င် နိုင်ငံတကာက  ပညာရေး၊ စီးပွားရေး၊  လူမှုရေး၊ သတင်းလောကနဲ့ နိုင်ငံရေးနယ်ပယ်က  ထင်ရှားသူတွေ အများအပြား တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ စီးပွားရေးလုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲ၊ ပညာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ ဆွေးနွေးခဲ့သလို တချို့ဆွေးနွေးတဲ့ အကြောင်းအရာ တွေက မြန်မာကျေးလက်နဲ့ မြို့ပြမှာ ဖြစ်နေတဲ့အရာတွေကို ထင်ဟပ်မပြနိုင်တဲ့ ဆွေးနွေးမှုတွေလည်း ပါတယ်လို့ ဆွေးနွေးပွဲတက်ရောက်တဲ့ ကျားမရေးရာ တန်းတူ ညီမျှရေး ကွန်ရက်က အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက ပြောပါတယ်။ “ကျမတို့ နိုင်ငံရဲ့ လက်ရှိအခြေအနေက နည်းနည်း ရယ်စရာ ကောင်းတယ်။ ကျမ ဘာကြောင့် အဲလို့ ပြောရလည်းဆိုတဲ့အခါကျတော့ ကိုယ့်နိုင်ငံက ကို်ယ့်နိုင်ငံသားတွေ အရေးကိစ္စ ဖြစ်ပေမယ့်လည်း ဒီနိုင်ငံထဲက နိုင်ငံသားတွေ ပြောတဲ့အခါမှာ ဘယ်သူမှ သိပ်ပြီးတော့ အရေးတယူ နားမထောင်ပေးကြဘူးပေါ့နော်။ ဒါပေမယ့်လည်း နိုင်ငံတကာ အဖွဲ့တွေ ပါလာတဲ့အခါ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ်မှာ ဩဇာသက်ရောက်တဲ့ သူတွေ ပါလာတဲ့အခါမှာမှ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာပြီး အလေးထားတဲ့ အလေ့အထတွေရှိတယ်ဆိုတာ ဒီ အမျိုးသမီးညီလာခံ ရောက်တော့မှ ပိုပြီးသဘောပေါက်လာပါတယ်။” ဒီဇင်ဘာ ၇ ရက်နေ့မှာလည်း ဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပသွားမှာ ဖြစ်သလို မနက်ဖြန်အတွက် ခေါင်းဆောင်မှုအရည်အသွေးကို တိုးတက်အောင် လုပ်ဆောင်ခြင်းဆိုတဲ့ အကြောင်းအရာကို ၀င်ရောက် ဆွေးနွေးဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024