ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ မွန်ပြည်နယ်မှာ လူပေါင်း ၉၀၀၀၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ အာဏာသိမ်း စစ်ကောင်စီက လုပ်ဆောင်နေ ပါတယ်။
အဲဒီ ကိုဗစ်ကာကွယ်ဆေး doses ကို မွန်ပြည်နယ်အတွင်းက မြို့နယ် ၁၀ မြို့နယ်စလုံးမှာ ဇူလိုင် ၂၈ ရက်စပြီး ထိုးပေးနေတာလို့ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ကာကွယ်ဆေးထိုးပေးရာမှတော့ အသက် ၆၅ နှစ်နဲ့အထက် ပြည်သူတွေ၊ ကျန်းမာရေး ဝန်ထမ်းနဲ့ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း၊ စေတနာ့ ဝန်ထမ်း၊ သာသနာ့ဝန်ထမ်းတွေနဲ့ ဘုန်းကြီး၊ သီလရှင် ၊ နိုင်ငံဝန်ထမ်းတွေကို ဦးစားပေး သတ်မှတ်ထားပါတယ်။
ဒါအပြင် ဦးစားပေး သတ်မှတ်ချက်ထဲမှာတော့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း၊ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံ ဝန်ထမ်း၊ ဟိုတယ်၊တည်းခိုခန်း ဝန်ထမ်း၊ အကျဉ်းသား ၊အချုပ်သား ၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းကလူပုဂ္ဂိုလ်တွေ၊ စူပါမားကတ်နဲ့ ဈေး ဝန်ထမ်းတွေ ပါဝင်ပါတယ်။
မွန်ပြည်နယ်အတွက် ရရှိထားတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံး ၉၀၀၀၀ ကျော်ကို ဇူလိုင်လအတွင်း ပြီးထိုးပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးပေးရာမှာ ကိုဗစ်သံယလူနာနဲ့ အဖျားရှိသူတွေ၊ ကိုဗစ်အတည်ပြုလူနာ ဖြစ်ပြီးနောက် ၆ လမပြည့်တဲ့သူတွေကို ထိုးပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။