စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၂၇ ရက်နေ့မှာ ဝင်ရောက်လာပြီး လူနေအိမ်တွေကို ဖျက်ဆီးကာ ရွာသားတွေရဲ့ အဖိုးတန်ရွှေ၊ ငွေနဲ့ စားသောက်စရာတွေ ယူသွားတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
သပြေအေးရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးတာ ခုတကြိမ်နဲ့ဆိုရင် ၂ ကြိမ်ရှိပြီဖြစ်ပြီး ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သပြေအေးကျေးရွာသား တစ်ဦးက ပြောပါတယ်။
“ဖျက်ဆီးခံရတဲ့အိမ်တွေ တော်တော်လေးများတယ်။ ရွာထဲကို ပြန်ကြည့်ရဲသူကတော့ ပြန်ကြည့်နေကြတယ်။ တချို့တွေကတော့ ရွာထဲ ပြန်မဝင်ရဲကြသေးဘူး။ ကျနော့်အိမ်ကတော့ လက်ဝတ်လက်စားတွေနဲ့ ရွှေငွေပါယူသွားတယ်။ အခုလောလောဆယ်တော့ ကျနော့်လို အယူခံရတဲ့သူ ဘယ်နှယောက်ရှိမလဲ မသိသေးဘူး။”
သပြေအေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး အပြစ်မဲ့ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းကို နောက်မှ ပြန်လာယူခိုင်းတာတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိအချိန်အထိ သပြေအေးရွာသား ၃ ဦးကို စစ်တပ်က ဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတော့တာကြောင့် သေသလား ရှင်သလား မသိရဘဲ မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။