စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကြို့ကုန်းအုပ်စုမှာ စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦး ဇူလိုင် ၂၈ ရက်နေ့ မနက် ၁၁ နာရီလောက်က အသတ်ခံခဲ့ရတယ်လို့ ကြို့ကုန်းကျေးရွာသားတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ကြို့ကုန်းရွာသားတစ်ဦးက “အသတ်ခံရတာ ဟုတ်တယ်ဗျ။ အမည်က ဦးကျော်စွာမြင့်ပါ။ အသက်က ၅၀ ဝန်းကျင်လောက်တော့ ရှိမယ်ဗျ။ သူက စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။ သူက အုပ်ချုပ်ရေးမှူးလည်း လုပ်တယ်။ ဖုန်းတာဝါတိုင် အဖျက်ဆီးခံရမှာမို့ ဖုန်းတာဝါတိုင်လုံခြုံရေး အစောင့်လည်းလုပ်တယ်ဗျ။ အခုအသတ်ခံရတာက ဖုန်တာဝါတိုင်အနီးမှာ အသတ်ခံလိုက်ရတာ။ ဘယ်သူက ဓားနဲ့ခုတ်သတ်သွားတယ်လို့တော့ မသိဘူဗျ” လို့ ပြောပါတယ်။
ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရတာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။