Home
မြန်မာသတင်း
ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၀၀၀ နီးပါးရှိလာသည့် ညောင်​လေးပင်​မြို့နယ်ကို Stay at Home သတ်မှတ်
DVB
·
July 28, 2021

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ကို  ဇူလှိုင်လ ၂၈ ရက်နေ့ကစ​ပြီး  Stay at Home သတ်မှတ်လိုက်တယ်လို့ စစ်​ကောင်စီရဲ့ လက်​အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၅၀ ကျော်လာမှ ထုတ်ပြန်လိုက်တာ​ ဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ၊ နေအိမ်မှာ ကိုဗစ်သေဆုံးတဲ့ လူနာတွေ များလာမှ ထုတ်ပြန်တာဟာ မိုးလွန်မှ ထွန်ချသလိုဖြစ်နေတယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။

သေဆုံးလူနာတွေဟာ ဒီထက်မက များပြားနေပြီ ဒါကို စစ်ကောင်စီဘက်က သတင်း အမှောင်ချထားတာ​ဖြစ်​ပြီ ဒီနေ့မှ Stay at Home ကြေညာတာဟာ မဖြစ်သင့်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

နေ့စဥ် ကိုဗစ်အတည်ပြုလူနာတွေကို ပို့​ဆောင်နေတာ၊ ကိုဗစ်နဲ့သေဆုံးလူနာတွေကို နေအိမ်တွေက သယ်ယူ သင်္ဂြိုဟ်ရ​တာတွေ များလာတာ​ကြောင့် ပရဟိတအင်အား မလုံမလောက် ဖြစ်နေရတယ်လို့ ပရဟိတပြုလုပ်နေသူ တစ်ဦးက ပြောပါတယ်။

စီမံခန့်ခွဲမှုတွေ၊ ဦးဆောင်မှုတွေညံ့တာ၊ တာဝန်ယူမှု တာဝန်ခံမှုတွေ မရှိတာကြောင့် ပရဟိတ လုပ်ငန်းတချို့မှာ နှောင့်နှေးရတာတွေရှိပြီး Stay at Home သတ်မှတ်ရင်လည်း သတ်မှတ်တဲ့ အတိုင်း သေသေချာချာ စည်းကမ်းထိန်းသိမ်းဖို့ လိုတယ်။ ကိုယ်ကိုယ်တိုင်က အိမ်ထဲက မထွက်ဘဲ လမ်းပေါ်မှာ ဖြစ်ချင်သလို ဖြစ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး၊ စျေးဆိုရင်လည်း ကိုဗစ်စည်းကမ်းနဲ့ အညီ ရောင်းချတာ မရှိဘူး။ ဝယ်ချင်သလိုဝယ်၊ ရောင်းချင်သလို ရောင်းချနေကြတာ၊ ဒီပုံစံအတိုင်းဆို ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပါဦးမလားလို့ ဆိုပါတယ်။

ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ ထားရှိရာ စင်တာ ၁၂ ခုနဲ့ ကွာရတင်းစင်တာ ၂၈ ခုရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024