မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးဟာ ဇူလိုင် ၂၇ ရက် ဒီနေ့ ညနေ ၄ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခံလိုက်ရတယ်လို့ ရပ်ကွက်နေ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဟာ နေအိမ်မှာ ရှိနေစဉ် အမည်မသိလူတစ်ဦးက ထောက်ခံစာ ယူလိုတယ်ဆိုပြီး ရောက်ရှိလာကာ အသင့်ပါလာတဲ့သေနတ်နဲ့ ပစ်သွားတာလို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးဟာ ခြေထောက်နှစ်ဘက်မှာ သေနတ်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက် ၁ ချက်၊ ခါး ၁ ချက် စုစုပေါင်း ၄ ချက် ကျည်ထိမှန်ခဲ့ကာ စိုးရိမ်ဒဏ်ရာတွေရာတွေနဲ့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။ ဆေးရုံရောက်ပြီး မကြာခင်မှာပဲ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။
ဒါ့အပြင် ဒီကနေ့မှာပဲ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး ထိခိုက်ပျက်စီးတာမရှိဘူးလို့ သိရပါတယ်။