ကချင်ပြည်နယ်၊ နမ္မတီးမြို့မှာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးသွားတယ်လို့ နမ္မတီးမြို့နယ် နှလုံးလှကျန်းမာရေး ကူညီမှုအသင်းထံက သိရပါတယ်။
မြို့ခံ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက “ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ တဖြည်းဖြည်းတိုးလာတယ်။ ၂၆ ဦး စစ်ဆေးရာမှာ ၂၀ ဦး ကိုဗစ် ပိုးတွေ့တယ်။ အမျိုးသမီး တစ်ဦးသေဆုံးတယ်၊ အသက် ၆၀ ကျော် ၇၀ လောက်ရှိပြီ။ နမ္မတီးမြိုမှာ ကိုဗစ်ရောဂါနဲ့ ဒါပထမဆုံးလူသေဆုံးတာပါ”လို့ ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ သစ္စာရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး မနေ့က အောက်ဆီဂျင် ကျသွားတဲ့အတွက် အရေးပေါ်ပြန်လည်ကုသခဲ့ရပြီး ဒီနေ့ မနက်မိုးလင်းခါနီးမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။
နမ္မတီးမြို့ပေါ်က မြို့သာယာရပ်ကွက်၊ မြတောင်ရပ်ကွက်၊ လမ်းခွရပ်ကွက်၊ ကံလှရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက်တွေမှာ ရောဂါပိုးကူးစက်မှု တဖြည်းဖြည်း များပြားလာနေပါတယ်။
နမ္မတီးမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း အယောက် ၁၀၀ ကျော်ရှိပြီး ပြန်လည် သက်သာပျောက်ကင်းသူတွေလည်း ရှိပါတယ်။