ဖိလစ်ပိုင်ရောက် သမ္မတဦးသိန်းစိန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

Photo by AFP
ဖိလစ်ပိုင်နိုင်ငံမှာ ၃ ရက်ကြာ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေ ပိုမိုဆောင်ရွက်ပေးဖို့ ဖိလိပိုင်  အစိုးရကို တောင်းဆိုလိုက်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ရောက်ရှိနေတာဖြစ်ပြီး ဒီကနေ့ ဖိလစ်ပိုင် သမ္မတ  ဘီနင်နို အာကွီနိုနဲ့ သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ [caption id="attachment_47740" align="alignright" width="300"]Photo by AFP Photo by AFP[/caption] တွေ့ဆုံအပြီးနောက် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာ ဆယ်စုနှစ် ၂ ခုကြာလောက် စီးပွားရေး ပိတ်ဆို့ခံ့ရပြီးနောက်  မြန်မာနိုင်ငံအနေနဲ့ ကျန်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို အမီလိုက်ဖို့ အကူအညီတွေ လိုနေတဲ့အကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ပိုမိုပေးဖို့ ဖိလစ်ပိုင်ဆီက တောင်းဆိုသွားပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေရှေ့မှောက်မှာ နှစ်ဘက် အစိုးရတာဝန်ရှိသူတွေက ဗီဇာအပြန်အလှန် ကင်းလွတ်ခွင့် အပါအ၀င် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ၆ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သဘောတူညီချက်တွေထဲမှာ  ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊  စွမ်းအင်၊ ပညာရေး၊ စိုက်ပျိုးရေး အလုပ်သမားရေးနဲ့ နည်းပညာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ တွေ ပါဝင်တယ်လို့ ဖိလစ်ပိုင် သတင်းတွေမှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား မြန်မာနိုင်ငံမှာ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ဗိသုကာ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ်  နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ  ဖိလစ်ပိုင်နိုင်ငံက ဟိုင်ယန်တိုင်ဖုန်း မုန်တိုင်းဒဏ်ခံလိုက်ရတဲ့  ဒေသတွေကို သွားရောက်ကြည့်ရှူဖို့ ရှိနေပြီး သဘာဝဘေးခံရတဲ့ ဒုက္ခသည်တွေအတွက် အကူညီတွေလည်း ထပ် ယူဆောင်လာခဲ့တယ်လို့ ဖိလစ်ပိုင်မီဒီယာတွေမှာ ရေးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖိလစ်ပိုင် မုန်တိုင်းဘေးအတွက် ငွေကြေးနဲ့ ကယ်ဆယ်ရေးပစ္စည်းအကူအညီ တန်ချိန် ၇ တန် ကို လည်း ပေးအပ်ထားပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံရေး ကိုတော့ ၁၉၅၆ ခုနှစ်ကတည်းက ထူထောင်ထားတာဖြစ်ပြီး  လာမယ့် ၂၀၁၆ မှာ သက်တမ်း  နှစ် ပေါင်း ၆၀ ပြည့်မှာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့  သမ္မတရာထူးလက်ခံယူပြီးကတည်းက  နိုင်ငံ အကြီး အကဲ တဦးအနေနဲ့ ဖိလစ်ပိုင်နိုင်ငံကို ပထမဆုံးသွားရောက်တာ ဖြစ်ပြီးခရီးစဉ်မှာ အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေလည်း လိုက်ပါသွားပါတယ်။   ခရီးစဉ်ကိုတော့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာ လာမှာဖြစ်ပါတယ်။

More News
Up