Home
မြန်မာသတင်း
မြန်မာနှင့် စစ်ရေးပူးပေါင်းမှု အမေရိကန်လွှတ်တော်အမတ်များ ကန့်ကွက်
DVB
·
December 5, 2013
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာ ပတ်သက်မှုတွေ ရှိနေသေးတာကြောင့် မြန်မာနဲ့အမေရိကန် ၂ နိုင်ငံ စစ်တပ် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စကို အကန့်အသတ်နဲ့ လုပ်ဆောင်မယ်ဆိုတဲ့  အိုဘားမားအစိုးရရဲ့  အစီအစဉ်ကို ဒီမိုကရက်တွေရော၊ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေကပါ ကန့်ကွက်နေကြတယ်လို့ အေပီသတင်းက ဆိုပါတယ်။ အမေရိကန် ထိပ်တန်း အစိုးရ အာဏာပိုင်တွေဟာ  မြန်မာစစ်တပ်ကို လူ့အခွင့်အရေးကိစ္စ လေ့ကျင့်ပညာပေးရေးလိုမျိုး  လူ့အသက်ကို မထိခိုက်စေတဲ့ အကူအညီမျိုးတွေပေးဖို့ အမေရိကန် လွှတ်တော်ရဲ့ထောက်ခံမှုရဖို့ တောင်းခံနေတာပါ။ [caption id="attachment_23170" align="alignright" width="300"]၆၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတခု (ဓာတ်ပုံ- ရိုက်တာ) ၆၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတခု (ဓာတ်ပုံ- ရိုက်တာ)[/caption] ဒါပေမယ့် ရီပတ်ဘလစ်ကန်တွေရော ဒီမိုကရက်တွေ ၂ ဘက်စလုံးက  မြန်မာ  စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲဖို့  လိုလားမှုအပေါ် သံသယရှိနေကြတာပါ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုနဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုတွေအပေါ်  မတရား အာဏာအလွဲသုံးစားလုပ်တာတွေ ရှိနေတုန်း ဖြစ်ပြီး ကုလသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဆန့်ကျင်ကာ  မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအ၀ယ် ကိစ္စတွေမှာ မြန်မာစစ်တပ်က ပတ်သက်မှုရှိနေတုန်းပဲလို့ ပြောနေကြတာ ဖြစ်ပါတယ်။ နယူးယောက်က ဒီမိုကရက်အမတ် ဂျိုးခရော်လီကတော့   မြန်မာစစ်တပ်ဟာ  သူ့တိုင်းပြည်ထဲမှာ ပြည်သူတွေရဲ့ မြေတွေသိမ်းတာ၊ လူသတ်၊ မုဒိန်းကျင့်တာတွေကို ရပ်သွားအောင် လေ့ကျင့်ပေးဖို့ လိုအပ်တယ်တဲ့အကြောင်းနဲ့   သူ့ရဲ့ပုဂ္ဂိုလ်ရေးအမြင်အရ စစ်တပ်ကို အယုံအကြည် မရှိတဲ့အကြောင်း ပြောပါတယ်။ ရီပတ်ဘလစ်ကန် ခုံရုံးအဖွဲ့ဥက္ကဋ္ဌ  အိုဟိုင်းယိုး လွှတ်တော်အမတ်  စတိဗ်ချာဘော့ ကလည်း အမေရိကန်အစိုးရဟာ မြန်မာစစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်မယ့်ကိစ္စကို  ကတိုက်ကရိုက် နိုင်လွန်းပြီး နောက်ထပ်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာအောင် တွန်းအားပေးဖို့ ပျက်ကွက်နေတယ်လို့ ပြောပါတယ်။ ထိပ်တန်း အမေရိကန် ကာကွယ်ရေးအရာရှိ ဗီခရမ် ဆင်းန်ကတော့  လက်ရှိ ရှိနေတဲ့ မြန်မာအပေါ် အမေရိကန်ရဲ့  ဒဏ်ခတ်အရေးယူမှုဟာ  မြန်မာစစ်တပ်ကို  တရားဝင် လေ့ကျင့် သင်တန်းပေးတဲ့ အစီအစဉ်ကို အဟန့်အတားဖြစ်နေတယ်လို့  ပြောပါတယ်။ မြန်မာနဲ့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုဟာ မြန်မာစစ်တပ်ရဲ့ ရှုမြင်သုံးသပ်ချက်ကို ပုံဖော်နိုင်ဖို့နဲ့ တရုတ်နိုင်ငံလို မြန်မာစစ်တပ်ရဲ့ မိတ်ဖက်ဟောင်းတွေနဲ့ လက်နက် ဖြည့်တင်း ပေးသူတွေအပေါ် အားကိုးနေမှုကို အားပျော့သွားစေဖို့ အခွင့်အရေးတရပ် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်းအကြံပေး ဂျူးဒစ်သ် ဆက်ဖ်ကင်ကတော့ တချို့စစ်တပ်အရာရှိတွေက  နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ  ဆက်လက်ပါဝင် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ မူဘောင်ဟာ ပြုပြင်ပြောင်းလဲသူတွေရဲ့လက်ထဲမှာ ရှင်သန် အားကောင်းလာအောင် စစ်တပ်တွေက ဘယ်လိုဆောင်ရွက်တယ်ဆိုတဲ့အပေါ်  သင်ခန်းစာတွေ ဝေမျှပေးဖို့ စစ်တပ်အချင်းချင်း  ဆွေးနွေးညှိနှိုင်းမှုကိုတော့ သေချာ တွက်ချက် ဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ပြုပြင်ပြောင်းလဲရေးမှာ ရိုးရိုးသားသား ပါဝင်လိုတဲ့ပုံ ရှိပုံမရတဲ့အပြင် သမ္မတဦးသိန်းစိန်ကလည်း ပဋိပက္ခနယ်မြေတွေဆီ နိုင်ငံတကာ အကူအညီတွေ ပေးပို့ခွင့်ပြုမယ် ဆိုတာနဲ့ မြောက်ကိုရီးယားနဲ့ တရားမ၀င် လက်နက် အရောင်းအ၀ယ် ရပ်တန့်ပါမယ်ဆိုတဲ့ ကတိတွေကို အပြည့်အ၀ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း ချာဘော့က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024