ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နဲ့ လက်ပံတန်းမြို့နယ်တွေမှာ ဇူလိုင် ၂၁ ရက်ကနေ ဇူလိုင်လ ၂၅ ရက်နေ့အထိ ဗကသကျောင်းသား ၅ ဦးအပါအဝင် ၁၀ ဦးထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
သမဂ္ဂခေါင်းဆောင်တစ်ဦးက "ဖမ်းဆီးသွားတဲ့သူတွေကို အခုထိ ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာလည်း မသိရဘူး။ စစ်ကြောရေးမှာ အလွန်အကျွံနှိပ်စက်ပြီး လူမဆန်တဲ့ လုပ်ရပ်တွေလုပ်မှာကိုလည်း စိတ်ပူရတယ်။ ပြီးတော့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ သူတွေထဲမှာ ကျန်းမာရေးမကောင်းတဲ့ သူတွေပါနေတော့ လိုအပ်တဲ့ ကျန်းမာရေးထောက်ပံ့မှု မရမှာကိုလည်း စိုးရိမ်ရတယ်။ ဒီလူသတ်ကောင်တွေက လူစိတ်မရှိတဲ့ကောင်တွေဆိုတော့ ဖမ်းဆီးခံရသူတွေအတွက် အများကြီးစိတ်ပူရပါတယ်" လို့ ပြောပါတယ်။
ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အမှုဆောင်အဖွဲ့ဝင် ကိုရန်နိုင်အောင်၊ ကိုရွှေဖြိုး၊ လက်ပံတန်း GTI ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုထက်ဝေယံ၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုထူးခန့်၊ ဥက္ကဋ္ဌဟောင်း ကိုချစ်ရင်ထူး၊ အမှုဆောင်ဟောင်း ကိုယဉ်ကျေး အပါအဝင် ကိုမင်းကောင်းခန့် တို့နဲ့အတူ ကျောင်းသားပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ အသက်အန္တရာယ်အတွက် တစုံတရာ စိုးရိမ်ရပြီး အခုလို ကိုဗစ်ကပ်ရောဂါဆိုး ထိန်းမနိုင်သိမ်းမရ ကူးစက်ဖြစ်ပွားနေတဲ့ကာလမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရမှာကို မိသားစုတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။