Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားသူများ နောက်ဆက်တွဲရောဂါများ ခံစားရနိုင်
DVB
·
July 26, 2021

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပျောက်ကင်းသွားသူတွေအနေနဲ့ နောက်ဆက်တွဲရောဂါတွေ ခံစားရနိုင်တာကြောင့် အထူးဂရုစိုက်သင့်တယ်လို့ အထွေထွေအထူးကုသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးကူးစက်မှုမြင့်မားနေပြီး ကူးစက်မြန် သေဆုံးမှုမြင့်မားတဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုး ၄ မျိုး တွေ့ရှိထားတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးစနစ်ပြိုလဲသွားပေမယ့် ပြည်သူတွေ ကိုယ်ထူကိုယ်ထ ကိုဗစ်ကို အန်တုရင်း ရောဂါပျောက်ကင်းသူတွေလည်း ရှိလာနေတာပါ။ ကိုဗစ်ပိုး ကူးစက်ခံရပြီးနောက် ပိုးပျောက်ကင်းသွားတဲ့အခါ နောက်ဆက်တွဲရောဂါတွေကို ခံစားရနိုင်တယ်လို့ အထွေထွေအထူးကုသမားတော် ဒေါက်တာ မိုးအောင်ကျော်နိုင်က ပြောပါတယ်။

နောက်ဆက်တွဲရောဂါခံစားရသူတွေဟာ ပိုးဝင်ပြီး ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ထိခိုက်မိသူတွေမှာ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

“ပိုးဝင်တုန်းက အဖျားကြီးသူတွေ၊ အဆုတ်နှလုံးသွေးကြော ထိခိုက်မိသူ၊ သွေးထဲက ဓာတ်တွေ၊ အသည်းအင်ဇိုင်းဓာတ်တွေ တအားတင်ခဲ့တဲ့သူတွေမှာ နေကောင်းသွားပြီးတဲ့နောက် ကိုယ်တွင်းအင်္ဂါထိခိုက် ပြီး ကျန်ခဲ့တာတွေ့ရတယ်။ အောက်စီဂျင်ဓာတ်ကျတဲ့သူတွေမှာလည်း အဆုတ်မှာ ဒဏ်ရာရပြီး ကျန်ခဲ့တယ်။ ဒါက အဖြစ်များတဲ့ နောက်ဆက်တွဲပြဿနာတွေ။ နောက်ပြီး နှလုံးကြွက်သား၊ နှလုံးသွေးကြောပိုင်းဆိုင်ရာ ထိခိုက်ပြီး မောနေတတ်သူတွေလည်း ရှိတယ်။ ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာ ထိခိုက်ပြီး စိတ်ဓာတ်ကျတာ၊ ခေါင်းကိုက်အုံခဲတာ၊ မှတ်ဉာဏ်လျော့ကျတာ၊ အသည်းထိခိုက်ရောင်ရမ်းပြီး နာတာရှည် အသည်းထိခိုက်ရောင်ရမ်းတာတွေလည်း တွေ့ရတယ်” 

လတ်တလော ကိုဗစ်ကူးစက်ခံရသူအများစုဟာ ၇ ရက်ကနေ ၁၀ ရက်အတွင်း အဖျားပျောက်သွားတဲ့အတွက် နေကောင်းသွားကြပေမယ့် ကိုဗစ်က အတွင်းခန္ဓာကိုယ်တွေကို တိုက်ထားတဲ့အတွက် သွေးကြောနံရံတွေမှာ သွေးခဲတွေ ဖြစ်ပေါ်တာတွေ ကျန်ခဲ့တယ်လို့လည်း သိရပါတယ်။

နေကောင်းသွားလို့ ၂ ပတ်ကျော်ပြီး လူကောင်းတစ်ယောက်လို ပုံမှန်အလုပ်လုပ်တာ၊ ပြင်းပြင်းထန်ထန် လှုပ်ရှားသွာရလာတာတွေကို မပြုလုပ်သင့်ဘူးလို့လည်း ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။ 

“၂ ပတ်ကျော်ပြီး သာမန်လူတွေလို အလုပ်လုပ်တာ၊ ပြင်းပြင်းထန်ထန် လှုပ်ရှားသွားလာတာဖြစ်ဖြစ် အဲဒီအချိန်မှာ သွေးခဲလေးတွေ နှလုံးသွေးကြော၊ အဆုတ်ကိုသွားတဲ့ သွေးကြောတွေမှာ ပိတ်ဆို့တာ ဖြစ်ဖြစ်အဲ့ဒီမှာ ရုတ်တရက် သေဆုံးတာမျိုး ဖြစ်ပေါ်နိုင်တယ်။ ဆီးချို၊ နှလုံး၊ ဆေးလိပ်သောက်သူ၊ နဂိုကတည်းက သွေးကြောနံရံ ထိခိုက်ထားသူတွေမှာ သက်သာပြီးမှ ရုတ်တရက် သေဆုံးမှုတွေ တွေ့ရတယ်” 

၂၁ ရက်ကျော်မှ အပြီးပျောက် နေကောင်းတာ ဖြစ်ပေမယ့် ကိုဗစ်ပိုးကူးစက်ခံရသူတွေဟာ ပျောက်ကင်းပြီး နောက်မှာ သွေးစစ်ပြီး လတ်တလောပိုးကူးစက်တာ မရှိသလို ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်မရှိတော့ရင်တောင် ၂၁ ရက်ကနေ ၃ လအတွင်း မောတာ၊ နုန်းတာ၊ ညောင်းတာ၊ ခေါင်းကိုက်တာတွေ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ 

လက္ခဏာစပေါ်ချိန်ကနေ ၂၁ရက်ထိ သက်သက်သာသာ နားနားနေနေနဲ့ ကိုဗစ်ပိုးကို တစ်ဖက်က တိုက်ထုတ်ပြီးနောက်ပိုင်းမှာလည်း ကိုယ်တွင်းအင်္ဂါထိခိုက်မိတာတွေကို ပြန်လည်တည်ဆောက် ပြင်ဆင်ဖို့ အချိန်ပေး အနားယူဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024