ရခိုင်ပြည်သူတွေအနေနဲ့ ဘယ်နိုင်ငံကထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကိုမဆို ထိုးထားကြဖို့နဲ့ ကာကွယ်ဆေးထိုးနှံထားသူတွေဟာ ကိုဗစ်ကူးစက်ခံရပါက အသက်အန္တရာယ်ကြုံတွေ့ရမှု နည်းတာကြောင့် မဖြစ်မနေထိုးကြဖို့ကို ရက္ခိုင့်တပ်တော် (အေအေ) စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇူလိုင် ၂၅ ရက်မှာ ရခိုင်ဘာသာစကားနဲ့ တိုက်တွန်းပြောပါတယ်။
လက်ရှိအချိန် ကမ္ဘာတဝန်း ကိုဗစ်တတိယလှိုင်းကို ခံစားနေရတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာလည်း ပထမနဲ့ ဒုတိယလှိုင်းမှာ သေဆုံးမှုတွေနည်းပါးခဲ့ကာ ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆနေထိုင်တာ တွေ့ရှိခဲ့ရသလို အခုတတိယလှိုင်းမှာ ရောဂါပြင်းထန်လာပြီး ကူးစက်မှုတွေများလာကာ သေဆုံးမှုတွေလည်းတိုးလာနေတာကြောင့် ဇူလိုင် ၂၀ ရက်နေ့ကစတင်ပြီး ၂ ပတ်ကြာ Stay at Home နေထိုင်ဖို့ကိုလည်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်ထုတ်ပြီးနောက် ရခိုင်ပြည်သူ ၇၅ ရာခိုင်နှုန်းလောက်ဟာ လိုက်နာနေထိုင်တာကိုတွေ့ရပြီး ပြည်သူတချို့ဟာ လိုက်နာမှုအားနည်းတာတွေ့ရပါတယ်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာတော့ အရက်ဆိုင်နဲ့ စားသောက်ဆိုင်တချို့ဖွင့်လှစ်ရောင်းချတာနေတာတွေရှိနေတာကြောင့် ဒါတွေဟာမဖြစ်သင့်သလို မိမိကိုင်ပိုင်အသိတရားနဲ့ လိုက်နာနေထိုင်ကြဖို့နဲ့ ပြည်သူတွေပူးပေါင်းပါဝင်လိုက်နာမှသာ အောင်မြင်မှဖြစ်တယ်လို့ ပါတယ်။
အခုလို Stay at Home ထုတ်ပြန်ထားတာကြောင့် အခြေခံလူတန်းစားတွေမှာ စားဝတ်နေရေးအခက်အခဲတွေဖြစ်နေတာတွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနေကြတဲ့ သူတွေနဲ့ လူမှုပရဟိတအဖွဲ့အစည်းတွေကိုလည်း လေးလေးစားစားနဲ့ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးပညာရှင်တွေရဲ့ စည်းကမ်းချက်တွေကို ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင် လိုက်နာကြဖို့၊ ကိုဗစ်ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ ဆေးပညာရှင်တွေဟာ မိမိရဲ့အသက်ကိုမငှဲ့ကွက်ပဲ လူနာတွေကို ကုသပေးနေရတာတွေကြောင့် ပင်ပန်းစိတ်ဖိစီးမှုတွေရှိနေသလို တစ်ဖက်ရောဂါဖြစ်ပွားနေတဲ့ မိသားစုဝင်တွေမှာလည်း ဆုံးရှုံးမှုတွေ၊ စိုးရိမ်ပှုပန်မှုတွေရှိနေကြတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေကြား အပြန်အလှန်နားလည်မှုတွေပေးကြဖိုနဲ့ ကိုဗစ်ကာလမှာ ပြည်သူတွေရဲ့အသက်ကိုကယ်တင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကြိုးစားလုပ်ဆောင်နေတာတွေကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
ရခိုင်မှာ ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ရခိုင့်တပ်တော်မှ ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနဲ့ အသိပညာပေးစာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလိုက်ခွာပြီးနောက် လူငယ်အချို့က ပြန်ကပ်ထား
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုများပြားလာနေတဲ့အတွက် ထိန်းချုပ်နိုင်ဖို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေးအသိပညာပေးစာတွေနဲ့ စည်းကမ်းချက်တွေပါဝင်တဲ့ စာရွက်တွေကို ဇူလိုင် ၂၃ ရက်နေ့က ဒေသခံလူငယ်တွေ ဦးဆောင်ပြီး လူအများမြင်သာတဲ့ နေရာတွေမှာ လိုက်လံကပ်တာတွေနဲ့ အသိပေးတာတွေလုပ်ဆောင်ခဲ့ပါတယ်။
အဆိုပါစာရွက်တွေကို ဇူလိုင် ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်း တချို့ကလိုက်လံပြီး လိုက်ခွာတာတွေရှိခဲ့သလို ဒေသခံတချို့ကို ခြိမ်းခြောက်တာတွေရှိခဲ့ပေမဲ့ ရခိုင်လူငယ်တွေက ပြန်ပြီးတော့ကပ်ထားတာကိုတွေ့ရတယ်လို့ ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောပါတယ်။