Home
မြန်မာသတင်း
အင်းစိန်ထောင်တွင်း ICRC ကို အမြန်ဆုံးဝင်ရောက်စစ်ဆေးခွင့်ပြုရန် တိုက်တွန်း
DVB
·
July 25, 2021

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC အဖွဲ့အား အင်းစိန်ထောင်ထဲ  အမြန်ဆုံးဝင်ရောက်စစ်ဆေးခွင့်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အာဏာသိမ်း စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ 

ဇူလိုင် ၂၃ ရက်နေ့က အင်းစိန်ထောင်မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုကြောင့် ရိုက်နှက်အကြမ်းဖက်တာတွေ၊ တိုက်ပိတ်တာတွေ၊ သေဆုံးတာတွေရှိခဲ့တယ်လို့  သတင်းတွေထွက်ပေါ်နေပါတယ်။ 

အကျဉ်းဦးစီး တာဝန်ရှိသူက အကြမ်း ဖက်၊ ရိုက်နှက်၊ သေဆုံးတာ မရှိဘူးလို့ ငြင်းဆိုထားပေမယ့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကို ဝင်ရောက်လေ့လာခွင့်ပေးမှ အခြေအနေမှန်ကိုသိရမယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

 ICRC အနေနဲ့ အကျဉ်းထောင်တွေထဲကို မြန်မြန်ဝင်ရောက်ခွင့်ရပြီး အချုပ်သားမိသားစုဝင်တွေအတွက် သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက  "ICRC က ကာကွယ်ပေးရမယ် ကူညီပေးရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းရှိပါတယ်။ အင်းစိန်ထောင်တွင်း ဆန္ဒပြတာနဲ့ပတ်သက်ပြီး အကြမ်းဖက်ဖြိုခွင်းတယ်လို့ သတင်းတွေထွက်နေတယ်။ ထိခိုက်မှုတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းတယ်ဆိုတာ မသိရဘူး။ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမရှိအောင် အကြမ်းဖက်မှုတွေမရှိအောင် သူတို့အနေနဲ့ ကြားဝင်ပြီးတော့ လုပ်ဆောင်သင့်တာဖြစ်တယ်"လို့ ပြောပါတယ်။

စစ်ကောင်စီက အကျဉ်းသားတွေကို ကိုဗစ်ကာကွယ်ကုသရေးအတွက် မဆောင်ရွက်ပေးနိုင်ပါက ICRC ရဲ့ ကူညီထောက်ပံ့မှုကို လက်ခံသင့်တယ်လို့လည်း ဝန်ကြီးဦးအောင်မျိုးမင်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ICRC ဟာ အကျဉ်းထောင်တွေထဲဝင်ရောက်ပြီး လုပ်ငန်းဆောင်ရွက်ခွင့် တောင်းထားပေးမဲ့ စစ်ကောင်စီက ဝင်ခွင့်မပြုသေးပါဘူး။ 

အင်းစိန်ထောင်အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ လူသားချင်းစာနာထောက်ထားမှုအတွက် လေ့လာခွင့်နဲ့ လုပ်ငန်းပြန်လုပ်ဆောင်နိုင်ဖို့ အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ဆွေးနွေးနေတယ်လို့ ICRC က ဇူလိုင် ၂၄ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ICRC ရဲ့ ထောင်တွင်းဝင်ရောက်ခွင့် တောင်းဆိုချက်ကို စစ်ကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုရင် အကျဉ်းဦးစီးဌာနက ဝင်ခွင့်ပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း အကျဉ်းဦးစီးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က "တို့ကတော့ ဝန်ကြီးဌာနခွင့်ပြုတယ်ဆိုရတယ်လေ။ ဝန်ကြီးဌာနကိုပဲတင်ရမှာ၊ ထောင်ကိုတင်လို့မရဘူးလေ။ ပြည်ထဲရေးပေါ့။ ဝန်ကြီးဌာနရဲ့အဆုံးအဖြတ်က အဓိကပဲပေါ့။ ICRC ကတင်ပြမှာပေါ့။ ကိုယ်ကတော့မသိဘူး။ မပြောတတ်ဘူး။ အရာအားလုံးအမှားတွေချည်းပါပဲကွာ။ တစ်ခုမှမဟုတ်ပါဘူး။ သတင်းအမှားတွေချည်းပါပဲ" လို့ ပြောပါတယ်။ 

၁၉၉၀ ပြည့်နှစ် မတိုင်ခင်ကတည်းက ICRC က အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အကျဉ်းသားတွေအတွက် လူမှုရေးစောင့်ရှောက်တာတွေပြုလုပ်ခဲ့တာပါ။ ICRC မှာ နိုင်ငံပေါင်းစုံက ပညာရှင်တွေပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာပညာရှင်၊ ကျန်းမာရေးနဲ့ အာဟာရ ပညာရှင်တွေပါဝင်ပါတယ်။  

အကျဉ်းသားအခွင့်အရေး အပြည့်အဝရအောင် ICRC က အကျဉ်းဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်တာဖြစ်ပါတယ်။ 

အငြိမ်းစားထောင်မှူးကြီး ဦးခင်မောင်မြင့်ကတော့ လက်ရှိအခြေအနေမှာ ICRC ကိုထောင်ထဲဝင်ခွင့်ပေးတာဟာ အကျိုးရှိမယ့်အစီအစဉ်ဖြစ်တယ်လို့ ပြောပါတယ်။

"ထောင်ထဲကို ICRC ကဝင်ရောက်ပြီး လေ့လာတယ်။ လိုအပ်တဲ့ ပံ့ပိုးမှုတွေဆောင်ရွက်တဲ့အတွက် အကျဉ်းထောင်တွေဟာ ပြောင်းလဲသွားတယ်။ ICRC ဝင်ရောက်တဲ့ ကာလတွေမှာ ထောင်တွင်းပြဿနာတွေ လျော့သွားတယ်။ နှိပ်စက်ညှဉ်းပန်းမှုတွေ လျော့သွားတယ်။ အကျဉ်းသားအချင်းချင်း အနိုင်အထက်ပြုတာတွေ မသမာမှုတွေ လျော့သွားတယ်။ ကျန်းမာရေးမကောင်းတဲ့ လူတွေအတွက်လည်း ကုသမှုပြည့်ပြည့်ဝဝရတယ်။ ပြုစုစောင့်ရှောက်မှု လိုအပ်သူတွေအတွက် အများကြီးအားကိုးရာရတယ်။ ICRC ဟာ ဒီနေ့အချိန်အထိ အကျဉ်းထောင်တွေမှာ လိုအပ်တာတွေ ပံ့ပိုးပေးတယ်။ လိုအပ်တာတွေအတွက် ဌာနကို အကြံဉာဏ်ပေးမယ်။ ပကတိအခြေအနေကို ပြည်ထဲရေးတို့ အကျဉ်းဦးစီးညွှန်ချုပ်ရုံးတို့ သိအောင်ဆောင်ရွက်ပေးမယ်ဆိုရင် အလွန်ကို အကျိုးရှိမယ့်အစီအစဉ်လို့ မြင်ပါတယ်။" 

အင်းစိန်ထောင်မှာ အချုပ်သားတွေကို တိုက်ပိတ်တာ၊ အပြင်းအထန်ရိုက်နှက်တာတွေရှိနေပြီး စစ်တပ်က ထောင်ကိုတိုက်ရိုက်အုပ်ချုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူက ပြောပါတယ်။

ထောင်ထဲမှာ ဖမ်းဆီးခံထားရသူတွေ ကိုဗစ်-၁၉ ရောဂါပိုး မကူးစက်ရေးနဲ့ လုံလောက်တဲ့ကုသမှုရဖို့အတွက် စစ်ကောင်စီမှာ အပြည့်အဝတာဝန်ရှိတယ်လို့ဆိုပါတယ်။ ထောင်တွင်းအခြေအနေတွေကို ICRC လို နိုင်ငံတကာအဖွဲ့အစည်းတွေ ဝင်ရောက်လေ့လာခွင့်ရဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း AAPP က ပြောပါတယ်။ 

ထောင်ထဲမှာ အချုပ်သားတွေကို အကြမ်းဖက်ရိုက်နှက်တာ၊ တိုက်ပိတ်တာ၊ ကိုဗစ်အတွက် ကာကွယ်ကုသမှုမပေးဘဲထားတာဟာ စစ်ကောင်စီက လူ့အခွင့်အရေးကိုမျက်ကွယ်ပြုပြီး ရာဇဝတ်မှုတွေကို  ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ လူ့အခွင့်အရေးသမားတွေက ဝေဖန်နေကြပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024