ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးမှာ ရှေ့တန်းက ပါဝင်ကူညီနေတဲ့ ပရဟိတ ဝန်ထမ်းတွေရဲ့ လက်ကိုင် ဖုန်း ၁၀ လုံးကို ဇူလိုင်လ ၂၅ ရက် မနက် အစောပိုင်းက အခိုးခံခဲ့ရတယ်လို့ သိရပါတယ်။
ဆေးရုံနဲ့နီးစပ်သူ တစ်ဦးက “ညဆို တော့ ပင်ပန်းပြီးအိပ်။ မနက်သုံးဖို့ အားသွင်းထားတာ ၁၀ လုံး စလုံး။ ဆေးရုံမှာ စုအိပ်ကြတာ။ မနက် ၄ နာရီလောက်ပဲ ထင်တယ်။ ၃ နာရီခွဲထိ Oxygen သွားပို့ကြသေးတယ်”လို့ ပြောပါတယ်။
ဖုန်းနဲ့ ဆက်သွယ်ပြီး အသက်ကယ် အလုပ်လုပ်နေကြတာ ဖြစ်တာကြောင့် ဖုန်းမရှိတော့ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
“အခုလို ခိုးခံရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ သူခိုးကို တကယ် လက်လန်တယ်။ ခိုးတဲ့ကောင်လည်း သတ္တိမနည်းလောက်ဘူး။ ယောကျ်ားတွေချည်းပဲ ၂၀ လောက် နေတဲ့နေရာကို ဝင်ခိုးတာ” လို့ သူက ရှင်းပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဇူလိုင်၂၂ ရက်နေ့မှာ အကျဉ်းထောင်ကနေ ခိုးမှု၊ လုယက်မှု၊ မူးယစ်မှု၊ လက်နက်မှုစတဲ့ အမှုတွေထဲက ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေကို ပိတ်သိမ်းပြီး အကျဉ်းသား ၄၃၀၀ နီးပါး လွှတ်ပေးခဲ့ပြီးနောက် နိုင်ငံတဝန်းက မြို့နယ်အချို့မှာ ခိုးမှုတွေ၊ အနုကြမ်းစီးတာတွေ ဖြစ်ပေါ်နေတာပါ။
ဇူလိုင် ၂၄ ရက်နေ့ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ လမ်း ၄၀၊ ၆၃ လမ်း နဲ့ ၆၄ လမ်းကြားရှိ နေအိမ်တစ်ခုမှာ လူ ၄ ယောက်က အနုကြမ်းစီးမှု ဖြစ်ခဲ့ပြီး ၁ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
Pra Jaw