မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ် မြို့နယ်အချို့မှာ ဒီနေ့မနက်ပိုင်းကစတင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့မှာ ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းက ရွာသွန်းခဲ့တဲ့ မိုးကြောင့် မော်လမြိုင်ရဲ့ ရွှေတောင်၊ ရွှေပြည်အေးနဲ့ သီရိမြိုင်ရပ်ကွက်အပြင် ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတာပါ။
လက်ရှိမှာတော့ ကားလမ်းမအချို့ ရေစကျော်နေပြီး၊ မိုးဆက်တိုက်ရွာသွန်းနေမယ်ဆိုရင် မော်လမြိုင်မြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေအတွက် စိုးရိမ်ဖွယ်ရာရှိတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒါကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်တယ်လို့ ဆိုပါတယ်။
မော်လမြိုင်မြို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရေကြီးရေလျှံတာတွေအပြင် တောင်ပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အလားတူ နှီးပဒေါကျေးရွာအနီးက သံဖြူဇရပ်- မုဒုံကားလမ်းဟာ ဒီကနေ့ မနက်ပိုင်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် ကားလမ်းရေကျော်မှု ဖြစ်ပေါ်နေတယ်လို့ သွားရောက်ကူညီနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။
သံဖြူဇရပ်- မုဒုံကားလမ်းဟာ ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့ မနက် ၆ နာရီလောက်က ရေစကျော်ခဲ့တာဖြစ်ပြီး ညနေ ၃ နာရီထိ ရေကျဆင်းသွားခြင်း မရှိသေးပါဘူး။
သံဖြူဇရပ်- မုဒုံကားလမ်း ရေကျော်နေတဲ့အတွက်ကြောင့် ဆိုင်ကယ်နဲ့ ကားငယ်တွေကို ဖြတ်သန်းသွားခွင့် မပေးထားဘူးလို့ မုဒုံမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒါအပြင် မိုးဆက်တိုက် ရွာသွန်းနေတဲ့အတွက်ကြောင့် ရေထပ်များလာရင် ကားကြီးတွေပါ ဖြတ်မရတော့မယ့် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
သံဖြူဇရပ်- မုဒုံကားလမ်းဟာ မွန်ပြည်နယ် သံဖြူဇရပ်နဲ့ ရေးမြို့နယ်အပြင် တနင်္သာရီတိုင်းကို အဓိက သွားလာနေတေဲ့ လမ်းမကြီး တစ်ခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကတည်း ၁၀ နာရီနီးပါးကြာ ကားလမ်းရေကျော်ခဲ့လို့ ကားအစီး ၁၀၀ ကျော် ပိတ်မိခဲ့ပါတယ်။