အစွန်းရောက်ရာသီဥတုကို ကြိုတင်ခန့်မှန်းရန် လေထုသိပ္ပံရှင် သတိပေး

ကမ္ဘာတစ်ဝန်းလုံးရှိ အစိုးရတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် နောက်ထပ် အစွန်းရောက် ရာသီဥတုကို ကြိုတင်ခန့်မှန်းထားရလိမ့်မယ်လို့ ဟောင်ကောင်စီးတီးတက္ကသိုလ်မှ လေထုသိပ္ပံ ပညာရှင် ပါမောက္ခ ဂျော်နီချန်းက ဇူလိုင် ၂၄ ရက်မှာ သတိပေးပြောကြားပါတယ်။ 

ဂျာမနီမှာ ရေကြီးမှုနဲ့ တရုတ်နိုင်ငံ ဟန်းနန်မှာရေကြီးမှု နှစ်ခုစလုံးမှာ မိုးသည်းထန်စွာ ရွာသွန်းမှုက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ 

အစိုးရတွေအနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ သူ့အကျိုးဆက်တွေကို ဥပမာအားဖြင့် ရေကြီးမှုလိုမျိုးကို သေချာ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ 

ဒါမှသာ မြို့ကြီးတွေနဲ့နိုင်ငံတွေမှာ အစွန်းရောက် ရာသီဥတုတွေ ဖြစ်ပေါ်လာတာမျိုးမှာ အဲဒီ အပြောင်းအလဲတွေကို လိုက်လျောညီထွေ ဖြစ်အောင်ပြုလုပ်နိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

 ခုသီတင်းပတ်အစောပိုင်းက ပြင်းထန်တဲ့ ရေကြီးမှုကြောင့် ဟဲနန်ပြည်နယ်က မြို့တမြို့မှာ လူပေါင်း ၁ ဒါဇင်လောက် မြေအောက်ရထားလမ်းမှာ အသက်ဆုံးရှုံးခဲ့ရပြီး ဒေသမီဒီယာတွေအရ ခုဆို သေဆုံးသူ ၅၆ ယောက်ထိ ရှိလာပြီး ၅ ဦး ပျောက်ဆုံးနေပြီလို့ ဆိုပါတယ်။

 ပြီးခဲ့တဲ့တပတ်က ရေကြီးမှုကြောင့်  ဂျာမနီမှာ အနည်းဆုံး လူပေါင်း ၁၆၀ လောက်နဲ့ ဘလ်ဂျီယမ်က ၃၁ ယောက် သေဆုံးခဲ့ရပြီးနောက် မကြာခင်မှာပဲ တရုတ်နိုင်ငံက ပြင်းထန်လွန်းတဲ့ ရာသီဥတုကြောင့် လူထောင်သောင်းချီ ဘေးလွတ်ရာ ပြောင်းရွှေ့ တိမ်းရှောင်ကြရပြီး သန်းနဲ့ချီတဲ့ လူတွေရဲ့ဘဝကို ထိခိုက်ခဲ့ပါတယ်။ 

အစိုးရတွေဟာ ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှုမှာ ခက်ခဲနေတာကြောင့် နေရာအများစုမှာ ခုလို ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုကို ကြုံရတာဖြစ်တယ်လို့ ပညာရှင် ချန်းက ပြောပါတယ်။ 

ဒါပေမဲ့ မြစ်အောက်ခြေတူးယူခြင်း၊ မိုးရေခံယူစုဆောင်းခြင်းနဲ့ ရေလွှမ်းမိုးမှု အတားအဆီးတွေနဲ့ပတ်သက်ပြီး လက်ရှိလုပ်ဆောင်နေတဲ့ လျော့ပါးသက်သာရေး အစီအမံတွေဟာ အခြေအနေသစ်တွေနဲ့ လိုက်လျောညီထွေ မဖြစ်နေဘူးလို့လည်း ဆိုပါတယ်။

 ဒါကြောင့် လုပ်ရမယ့်အရာဟာ ဖြစ်နိုင်ခြေရှိတဲ့ ကြိမ်နှုန်းတိုးလာတာနဲ့ ဒါမှမဟုတ်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုပမာဏ တိုးလာတာတွေကိုကြည့်ဖို့ပါလို့ ချန်းက ပြောပါတယ်။

 ရေပိုက်တွေ ဒီဇိုင်းဆွဲတဲ့အခါ အရင်ကအတွေ့အကြုံ၊ အတိတ်ကဖြစ်ပျက်မှုတွေအပေါ် အခြေခံပြီး ဒီဇိုင်းမလုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံမှာ တနှစ်ပတ်လုံး ရွာသွန်းရမယ့် မိုးရေချိန်ပမာဏက ၃ ရက်အတွင်း ရွာသွန်းခဲ့တဲ့ ပမာဏနဲ့ ညီမျှနေတာဖြစ်ပြီး တရုတ်နဲ့ ဥရောပအနောက်မြောက်ပိုင်းမှာ ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်မှာ လက်ရှိလုပ်ထားတဲ့ ရေကြီးရေလျှံ တားဆီးမှု အကာအကွယ်စနစ်တွေကို ကျော်ထွက်သွားပြီး သဘာဝဘေးအန္တရာယ် ကြုံခဲ့ရတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up