Home
ဆောင်းပါး
ကလိမ်ဉာဏ်ပြေးတဲ့ အာဏာရှင်
DVB
·
July 24, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးဟုဆိုသည်။ ဇူလိုင် ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခြင်းဖြစ်သည်။ ထိုအစည်းအဝေး၌ မင်းအောင်လှိုင်ပြောသည့်စကားကို နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံတို့တွင် တခမ်းတနားဖော်ပြခဲ့သည်။

မင်းအောင်လှိုင်က ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများအနေနှင့် ကိုဗစ်အန္တရာယ်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။ ၎င်းပြောကြားသည့်စကားလုံးအချို့ကို ဖော်ပြရသော် ‘…..နိုင်ငံ့ဝန်ထမ်းများနဲ့ ကျွမ်းကျင်သူများ (ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကိုဆိုလို)ကလည်း အပြင်မှာရှိတဲ့ ကျွမ်းကျင်သူအားလုံးကလည်း ဒီဟာက နိုင်ငံရဲ့ နိုင်ငံ့အရေးဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်လို့ ကျနော်ပြောလိုပါတယ်။ စေတနာ့ ဝန်ထမ်းများခေါ်နေတာရှိပါတယ်။ တချို့လည်းလာရောက်သတင်းပို့ကြတာရှိပါတယ်။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ဟိုကလည်းခြိမ်းခြောက်၊ ဒီကလည်းခြိမ်းခြောက်ဆိုတော့ မလာရဲ၊ မပြုရဲနဲ့လုပ်ကြတာရှိတယ်။ တချို့လည်း အပြင်ရောက်နေတဲ့သူတွေ လာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေတာကို တွေ့ရတယ်။ ဒါတွေကို ကြိုဆိုတယ်လို့ ကျနော်ပြောထားပြီးသားဖြစ်ပါတယ်။ ကြိုဆိုတယ်လို့ ပြောထားပြီးသား ဖြစ်တာကြောင့် ပူး ပေါင်းဆောင်ရွက်ပေးမှု လိုအပ်တာဆိုတာ ပြောလိုပါတယ်……..’။

မင်းအောင်လှိုင်၏ အထက်ပါပြောကြားချက်တွင် စီဒီအမ်ဆိုသည့်စကားကို သတိကြီးကြီးထားရှောင်ကာ ကိုဗစ်အရေးသည် နိုင်ငံ့အရေးဖြစ်ခြင်းကြောင့် ကျန်းမာရေးကျွမ်းကျင် စီဒီ အမ်များအနေနှင့် လာရောက်ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ကျန်းမာရေး စီဒီအမ်များသည် လာရောက်ပူးပေါင်းဆောင်ရွက်ချင်သော်လည်း ခြိမ်းခြောက်မှုများရှိနေ၍မလာရဲကြခြင်းဟုလည်းဆို သည်။ ဘယ်သူတွေက ခြိမ်းခြောက်နေသည်ဟုတည့်တည့်မပြောခဲ့သော်လည်း အလွယ်ခြုံပြော ရသလို ဒီမိုကရေစီအင်အားစုများက ခြိမ်းခြောက်နေခြင်းဟု ဆိုလိုမှန်းသိသာပါသည်။

ထိုသို့ မင်းအောင်လှိုင်အတည်ပေါက်ပြောကြားပြီး ၂၄ နာရီပင်မပြည့်သေးသည့် ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းတွင်မူ ကိုဗစ်ရောဂါဆိုးကို တနိုင်ကူတိုက်ပေးနေသော စေတနာ့ဝန်ထမ်း စီဒီအမ်ဆရာဝန်များအဖမ်းခံလိုက်ရသည့်သတင်းမှ လူမှုကွန်ရက်ပေါ် တောမီးပမာ ပျံ့နှံ့ခဲ့သည်။ ၎င်းဆရာဝန်တို့မှာ ရန်ကုန်၊ မြောက်ဒဂုံအခြေစိုက် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့ဝင်များ ဖြစ်သည်။

ဖမ်းဆီးလိုက်ပုံကလည်း ပက်စက်လွန်းသည်။ တောင်ဥက္ကလာတွင် လူနာတစ်ဦး အောက်ဆီဂျင်က ပြီး အရေးပေါ်ဖြစ်နေခြင်းကြောင့် လာရောက်ကြည့်ရှုပေးရန် အဆိုပါအဖွဲ့ထံ ဖုန်းဆက်ခေါ်သည်။ မြေပြင်ကုသရေးဆရာဝန် ၃ ဦး သွားရောက်ခဲ့ရာ လိပ်စာပေးထားသည့်တိုက်ခန်းပေါ်ရောက်တော့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဆရာဝန်များကိုလိုက်ပို့သော စေတနာ့ဝန်ထမ်းကားဆရာက ရုံးသို့ပြန်လာပြီး ထောင်ချောက်ဆင် အဖမ်းခံရကြောင်းပြောပြကာ ရုံးမှထွက်ခွာကြရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က ရောက်ရှိလာကာ ဆရာဝန်နောက်နှစ်ဦးအား ထပ်ဖမ်းလိုက်သည်။ ထို့ပြင် ပြည်သူတို့လှူဒါန်းထားသော ဆေးဝါးနှင့်ကျန်းမာ ရေးအသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းသွားခဲ့သည်။ ရုံးခန်းတွင်အဖမ်းခံရသောဆရာဝန်နှစ်ဦးမှာ အွန်လိုင်းကနေတစ်ဆင့် ကုသရေးလမ်းညွှန်ပေးနေသူများဟုသိရသည်။

ပြောရလျှင် ပြည်သူကိုအကူအညီပေးနေသော စီဒီအမ်ဆရာဝန်များကို ကိုဗစ်လူနာဖြင့် မျှားခေါ်ကာ ပြတ်ပြတ်သားသား အောက်တန်းကျကျ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

သူတို့တင်ပဲလားဆိုတော့မဟုတ်။ ဇူလိုင် ၁၉ ရက်နေ့တွင်ပင် နောက်ထပ်ပက်စက်သောသတင်းတစ် ပုဒ် ထက်တက်လာပြန်သည်။ မန္တလေး ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသက်ဌေးကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားခြင်း။ ဇူလိုင် ၁၆ ရက်နေ့က ဟုသိရသည်။ ဒေါက်တာသက်ဌေးမှာလည်း စီဒီအမ်ဆရာဝန်ကြီးဖြစ်ပြီး ပရဟိတဆေးရုံ၊ဆေးခန်းမတွေက လူနာတွေကို အခမဲ့ကုသပေးနေသူဖြစ်ကာ လူနာကြည့်ရှုကုသပြီး အပြန် ရိုက်နှက်ဖမ်းဆီးခံရခြင်းဟုသိရသည်။ ယင်းသို့ ဖမ်းဆီးခံရသူ နောက်ထပ်ဆရာဝန်တစ်ဦးလည်းရှိ သေးသည်။ သူကကိုဗစ်လူနာများကို အွန်လိုင်းကနေ ဆေးကုသပေးနေသူ ဒေါက်တာကျော်ကျော်သက်။ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ၎င်း၏ အိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ရိုက်နှက်ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်၏ လျှာဖျားပေါ်မှ ထွက်ကျလာသော စကားများနှင့် လက်တွေ့ဖြစ်ရပ်မှာ အထက်ပါ အတိုင်း ပရမ်းပတာ။ “ငါကတော့ ကြည့်ကောင်းအောင်ပြောမယ်။ မင်းတို့ကတော့ ဖမ်းစရာရှိတာဖမ်း”ဟု ကြိုတင်စည်းဝါးကိုက်ထားသည့်ပုံ။ ဆေးဆိုးပန်းရိုက်အလှဆင်ထားသော ပြည့်တန်ဆာမ ပါးစပ်ဟလိုက်တော့ အပုပ်နံ့ ထောင်းထောင်းထနေသလိုမျိုး။ အာဏာရှင်တို့၏ ယဉ်ကျေးမှုမှာ ပုတီးလည်မှာဆွဲထားပြီး သွေးသံရဲရဲ သား သတ်နေသူ များပမာ။

အဆိုပါအစည်းအဝေးတွင် မင်းအောင်လှိုင်က အောက်ဆီဂျင်အကြောင်းဆက်ပြောသည်။ လိုအပ်သူ များကိုသာအောက်ဆီဂျင်ပေးကုသရသည်တဲ့။ အောက်ဆီဂျင်ကို ဆေးရုံများနှင့် ကျန်းမာ ရေးဆိုင်ရာတာဝန်ရှိ သူများ၏ အကြံပြုချက်ဖြင့် အသုံးပြုခြင်းသည်သာ အကောင်းဆုံးဖြစ် မည်တဲ့။ ပြီးတော့ အောက်ဆီဂျင် ထုတ်လုပ်နေမှုနှင့် ပြည်ပမှတင်သွင်းနေသည့်အကြောင်း။ ဆက်လက်ပြီး မင်းအောင်လှိုင်က ကွာရင်တင်းစင်တာ မည်မျှ၊ ကုသရေးမည်မျှ ပြင်ဆင်ထားသည့်အကြောင်း လျှာဖျားလေးဖြင့် ကိန်းဂဏန်းများ ရွတ်ပြခဲ့သည်။ မင်းအောင်လှိုင်အတွက်တော့ ကိုဗစ်တတိယလှိုင်းသည် သိပ်ကိုလွယ်နေသည့်နှယ်၊ ရွတ်ပြနေပုံက သက်သောင့်သက်သာ။ ရန်ကုန်သုဿန်များတွင် မီးသင်္ဂြိုဟ်ခွင့်ရဖို့ တန်းစီစောင့်နေရသော အလောင်းများနှင့် အောက်ဆီဂျင်ရရှိရေးအတွက် တန်းစီစောင့်နေကြသော လူတန်းရှည်ကြီးမှာ ဖြတ်ညှပ်ကတ်တီထွင် ချက်များဖြင့် ဖန်တီးထားသည့် သတင်းဓာတ်ပုံအတုများဟု ထင်မှတ်နေသလားမသိ။

ဟုတ်ကဲ့၊အောက်ဆီဂျင်အကြောင်း အရင်ပြောလိုပါသည်။ မင်းအောင်လှိုင်ပြောသကဲ့သို့ပင် လိုအပ် သူများကိုသာ အောက်ဆီဂျင်ပေးကုသရမှန်း လူတိုင်းသိကြပါသည်။ မည်သူကမှ ကိုဗစ်ဖြစ်ပြီဆိုတာနဲ့ အောက်ဆီဂျင်တန်းရှူနေကြခြင်းမျိုးမရှိ၊ အသက်ရှူရခက်ခဲလာသူများကိုသာ အောက်ဆီဂျင်အကူအညီဖြင့် အသက်ဆက်ရန် ကြိုးစားကြခြင်းသာဖြစ်သည်။

ကိုဗစ်လူနာအတွက် အောက်ဆီဂျင်လို၊ မလို မည်သို့တိုင်းထွာဆုံးဖြတ်ကြမည်နည်း။ သာမန်ပြည်သူ တို့အနေနှင့် ကိုယ့်အမြင်ဖြင့်ကိုယ် ဆုံးဖြတ်ခြင်းထက် မင်းအောင်လှိုင်ပြောသလို ကျန်းမာရေးတာဝန်ရှိသူများ၏ အကြံပြုချက်ဖြင့် အသုံးပြုသင့်မှန်း သိကြသည်။

သို့သော်၊ အရေးပေါ်လူနာများကိုပင် ဆေးရုံများက လက်မခံနိုင်တော့သည်မှာ ဇူလိုင်ပထမပတ် ဝန်းကျင်ကတည်းက ဖြစ်သည်။ ဆေးရုံတွင် လက်မခံသဖြင့် ကိုယ့်အိမ်ကိုယ်ပြန်ကုရသည့်လူနာ သိပ်များလွန်းလှသည်ကို မင်းအောင်လှိုင် မသိလေဟန် အရူးကွက်နင်းချင်နင်းနိုင်သော်လည်း ပြည်သူတိုင်းသိကြသည်။ ကိုယ့်အိမ်ကိုယ်ပြန်ကုနေရသော ကိုဗစ်လူနာများအနက် ရောဂါမပြင်းထန်သူများကို မည်သို့ကုသမှု ပေးသင့်ပြီး ရောဂါပြင်းထန်သူများကို မည်သို့ ကုသမှုပေးသင့်ကြောင်း စစ်ကောင်စီအနေနှင့် ကျန်းမာရေး အ ကြံပြုချက်မျိုးပေးနိုင်ခြင်းမရှိပေ။ အသက်ရှူရခက်နေသော လူနာများကို ဆရာဝန်မရှိ၊ ဆရာဝန်ဆုံးဖြတ်ချက်မရှိဟုဆိုကာ မိသားစုဝင်တို့က အောက်ဆီဂျင်မရှာဘဲ ခံစားချက်မရှိသောမျက်နှာမျိုးဖြင့်  ဒီအတိုင်း  ငုတ်တုတ် ထိုင်ကြည့်ရမည့်နှယ်။

အောက်ဆီဂျင်လိုအပ်မှန်းသိသဖြင့် အောက်ဆီဂျင်လိုက်ရှာကြရသည်။ အောက်ဆီဂျင်ရှာတော့ လည်း စစ်ကောင်စီက အောက်ဆီဂျင်မပေးရန် ပိတ်ပင်သည်။ ထို့ကြောင့် အလွယ်တကူ အောက်ဆီဂျင်မရခြင်းပြဿနာကြီးထွားလာခဲ့သည်။ ထို့ကြောင့် ပြည်သူချင်းရိုင်းပင်းစိတ်ဖြင့် အောက်ဆီဂျင်ပေးသောစက်ရုံများတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ရသည်။ ထိုသို့တန်းစီရခြင်းသည် ကူးစက်မြန်ကိုဗစ်ကို အကြိုက်တွေ့စေသလို စစ်တပ်ဖမ်းဆီးမည့်ရန်ကိုလည်း ကြောက်ရသေးသည်။

ယခုဆောင်းပါးကိုချုပ်ရသော် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ ကြိုတင်ပြင်ဆင်မှုလုံး ဝမရှိခဲ့ခြင်းကြောင့် ကိုဗစ်တတိယလှိုင်းကူးစက်မှုသည် ထိန်းမနိုင်သိမ်းမရအခြေအနေသို့ အချိန်တိုအတွင်း သက်ဆင်းခဲ့ရသည်။ ထို့ပြင် ကိုဗစ်ကူးစက်ခံပြည်သူများကို လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ရုံတင်မက ကိုယ်မိသားစုကျန်းမာရေးကိုယ့်ဘာသာ ဇောချွေးပြန်နေရသည့်ပြည်သူများကို တနိုင် ကျန်းမာရေးစောင့်ရှောက်ပေးသော ဆရာဝန်များအား ဖမ်းဆီးခြင်းနှင့် ပြည်သူတို့၏ အောက်ဆီဂျင် လိုအပ်ချက်ကို ဖြတ်တောက်ပစ်သည်။ ရေနစ်နေသောသူကို ကူမဆယ် ၊ မည်သို့မည်ပုံ ကူးခတ်ရမည်ဖြစ်ကြောင်း အကြံပြုချက်မပေးရုံတင်မက ကူးနေခတ်နေသောခြေလက်တို့ကို ကူးခတ်နိုင်စွမ်းမရှိအောင် စစ်ကောင်စီ ခုတ်ထစ်နေခြင်း ဖြစ်သည်။ ယင်းကို နောက်တစ်မျိုးဖွင့်ဆိုရသော် ကိုဗစ်ရောဂါဟု ခေါင်းစဉ်တပ်ထားသော လူမျိုးတုံးသတ် ဖြတ်မှုဖြစ်သည်။ အနေခက်အသေခက်လှ သောတတိယလှိုင်းကာလတွင် ပြည်သူတို့၏ အာဏာရှင် ဆန့်ကျင်ရေးအလံတော်မှာ မင်းအောင်လှိုင်အထင်အမြင်နှင့် ဆန့်ကျင်စွာ ပိုမိုမြင့်မားလာခဲ့သည်။

လင်းခေတ်  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024