တရုတ် - မြန်မာနယ်စပ် တရုတ်ဘက် ရွှေလီ၊ ကျယ်ဂေါင်ထဲက တရားမဝင် ပို့ဆောင်ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာဘက်ခြမ်းမှာ ငွေကြေး ခြိမ်းခြောက် တောင်းခံမှုတွေကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက သိရပါတယ်။
တရုတ်အနေနဲ့ အထောက်အထားမရှိတဲ့သူတွေကို ပြည်နှင်ဒဏ်ပေးမှာဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီးနောက် အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးပြီး တရုတ်-မြန်မာနယ်စပ် နယ်ခြားစည်းအနှံ့ လိုက်ပို့နေတာပါ။
တရားဝင်ဂိတ်ပေါက်ကနေ မြန်မာဘက်က လက်မခံတာကြောင့် တရုတ်ရဲတွေအနေနဲ့ ခိုးပေါက်တွေဖြစ်တဲ့ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် မူဆယ်နယ်စပ်ဘက်က နယ်စပ်စည်း မန်ဟီးရိုး ရှမ်းရွာနဲ့ လုံချွမ်ခရိုင် လွယ်ဂျယ်နယ်စပ် လားရင်း နယ်ခြားစည်းမျဉ်းကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပို့ဆောင်ပြီး ပြန်ခိုင်းနေတယ်လို့ ဆိုပါတယ်။
ပြန်လာခဲ့သူ မမေသဉ္စာအောင်က “ပိုက်ဆံအလုံအလောက် မပါတဲ့သူတွေကျတော့ ဒုက္ခရောက်တယ်။ ဟိုဘက်ကနေ ထွက်လာတဲ့အချိန်ကတော့ ပုံမှန်ဆိုရင် ဒီ တရားဝင်အပေါက်ကနေ ထွက်ခွင့်ပေးတယ်ဆိုရင် ပိုက်ဆံမကုန်ဘူးပေါ့နော်။ မူဆယ် ပြန်ထွက်တယ်ဆိုရင်။ အခုကျတော့ ဟိုဘက် မန်ဟီးရိုး ဘက်ကနေ ထွက်ရတယ်ဆိုတော့လေ မြန်မာငွေ တစ်သိန်းကနေ တစ်သိန်းခွဲထိ ကုန်တယ်။ ခါတိုင်းလို မဟုတ်ဘဲနဲ့။ အဲဒါ ပြည်ပြန်တဲ့သူတွေကျတော့ အဆင်မပြေလို့ ပြန်ကြတာဆိုတော့ အပြန်မှာ ငွေကြေးအလုံအလောက် မရှိတဲ့အခါကျတော့ ဒုက္ခရောက်တယ်ရှင့်။” လို့ ပြောပါတယ်။
မြန်မာဘက်ခြမ်း မန်ဟီးရိုး ရှမ်းရွာက ရွာဖြတ်သန်းခ ပေးရတဲ့အပြင် ၁၅ မိနစ်လောက်သာ ကားမောင်းရတဲ့ခရီးကို ကားခအဆမတန် တောင်းတာကြောင့် ခက်ခဲနေကြတာလို့ ပြန်လာတဲ့ အမျိုးသားတဦးက ပြောပါတယ်။
“ရှမ်းတွေနဲ့ ဈေးညှိတာ စိတ်အပျက်ဆုံးပဲ။ ဈေးကို မတန်မဆတွေ အတင်းတောင်းတယ်ဗျာ။ မန်ဟီးရိုးအပေါက်နဲ့ မူဆယ်အရောက်ကို တရုတ်ငွေ ၃၀၀ ဗျာ။ ကာလတန်ကြေးက တစ်သိန်းနီးပါးရှိတယ်လေ။ အလုပ်မရှိတဲ့ သူတွေ ဘယ်လိုပေးမလဲ။ တချို့တွေဆိုရင် ကလေးတွေပါတယ်ဗျာ။ ကလေးတွေကိုလည်း တောင်းတယ်။ လမ်းစရိတ်တွေက ဘယ်သူမှ မပြန်ရဲတော့ဘူးလေ။ မန်ဟီးရိုးနဲ့ မူဆယ်ဆိုတာ အလွန်ဆုံးမောင်းမှ ၁၅ မိနစ်လောက် မောင်းရင်ရောက်ပြီ။ ပန်ခမ်း ရဲကင်းလားတော့ မသိဘူး။ တံတားဖြတ်တဲ့နားလေးက ဂိတ်ပေါ့။ အဲဒီမှာလည်း တစ်ယောက်ကို မြန်မာငွေ ၅၀၀၀ တောင်းတယ်။ ၆ ယောက်ဆို သုံးသောင်းပေါ့” လို့ ပြန်လာသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပိုက်ဆံမပေးပါက ရွာအဖြတ်မခံဘဲ ပြန်လာသူတွေ အချို့က မန်ဟီးရိုး ရှမ်းရွာ ဖြတ်သန်းခ ၃၀၀ ယွမ်အထိ တောင်းတာခံရပြီး တချို့က မူဆယ်အရောက် ကားခ ၃၅၀ ယွမ်၊ မူဆယ်အဝင်က စစ်သားတွေကို ၁၀ ယွမ်၊ ရဲတွေကို ၂၀ ယွမ် အားလုံး ၃၈၀ ယွမ်ကုန်ကျတယ်လို့ လူငယ်တဦးက ပြောပါတယ်။
“မြန်မာဘက်ခြမ်း ရှမ်းရွာရောက်မှ တရုတ်ငွေ ၃၀၀ ပေးရတာ။ စက်လှေခ ပေးတယ်ဗျာ ကြည်ဖြူတယ်။ ဒီဘက်ကမ်းရောက်မှ ပြည်သူ့ရဲ ဆိုတာက ၂၀၊ စစ်သားဆိုတာက ၁၀၊ ဘာအတွက်လဲ မသိဘူး။”
တရုတ်ဘက်ကနေ ညအချိန်မှ တရားမဝင် ပို့ဆောင်နေတာဖြစ်ပြီး မြန်မာဘက်ခြမ်း မူဆယ်မှာ မာရှယ်လော၊ လော့ခ်ဒေါင်းတွေရှိတာကြောင့် အချိန်မမီရင် လမ်းမှာ အရမ်းဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်။
Pra Jaw ၊ Photo : မြန်မာ ရွှေ့ပြောင်းလုပ်သားတစ်ဦး