ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန် မူတြော်ခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း KNLA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူက ဇူလိုင် ၂၂ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။
နှစ်ဖက်တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူထဲမှာ တပ်ရင်းမှူး ၁ ဦးပါဝင်သလို တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၁ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကေအန်ယူသတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လ ၂၇ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာ၊ တပ်စခန်းတည်ဆောက်တာတွေကြောင့် ကေအန်ယူထိန်းချုပ်နယ်မြေတွေမှာ နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေတာပါ။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသား ၂၀၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရသလို မိုးတွင်းကာလမှာ နေထိုင်စားသောက်ရေးအပြင် ဝမ်းရောဂါနဲ့ ရာသီတုပ်ကွေးရောဂါ တွေပါ ခံစားနေရပါတယ်။