မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထား ရသူအားလုံးအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အာဏာပိုင်တွေကို နိုင်ငံခြားသံရုံးတွေက ဇူလိုင် ၂၃ ရက်မှာ ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။
ထောင်အတွင်းလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့် ရန်ကုန်အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေက ဆန္ဒပြခဲ့တာကို သိရှိကြောင်းနဲ့ ဒီအခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့လည်း တိုက်တွန်းပါတယ်။
ဆက်လက်ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေကို လည်း အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း နိုင်ငံတကာသံရုံးတွေက ဆိုပါတယ်။
ဒီကြေညာချက်ကို ဩစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ - ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ ဆွီဒင်နိုင်ငံ သံရုံးတို့အပြင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနဲ့ အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ သံရုံးအကြီးအကဲတွေ ပူးပေါင်းလက်မှတ်ရေးထိုးထုတ်တာဖြစ်ပါတယ်။
ရန်ကုန်၊ အင်းစိန်ထောင်တွင်းမှာ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက ဖမ်းဆီးခံ နိုင်ငံရေးလှုပ်ရှားသူတွေက စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်သံတွေ၊ သွေးသစ္စာသီချင်း သံပြိုင်သီဆို ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့ရှိ ဗဟိုအကျဉ်းထောင် (အိုးဘို) မှာလည်း ဒီနေ့လယ်ပိုင်းက ထောင်တွင်းဆန္ဒပြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး စစ်တပ်အင်အား အလုံးအရင်းနဲ့ လုံခြုံရေးချထားတယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်း က သိရပါတယ်။