Home
မြန်မာသတင်း
အင်းစိန်ထောင်တာဝန်ရှိသူများနှင့် ဆန္ဒပြခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးနေ
DVB
·
July 23, 2021

အင်းစိန်ထောင်တွင်း ဇူလိုင် ၂၃ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဆန္ဒပြခေါင်းဆောင်တွေနဲ့ အကျဉ်းဦးစီးတာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးနေတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ ရှေနေတစ်ဦးက ပြောပါတယ်။

"အခုတော့ နှစ်ဖက်ဆွေးနွေးနေကြတယ်လို့ပြောတယ်။ လောလောဆယ်တော့ငြိမ်နေတယ်။ သူတို့အဓိကတောင်းဆိုတာကတော့ ထောင်ထဲမှာ ဖျားနာမှုတွေတအားများနေပြီး ဆေးဝါးကုသမှုမလုံလောက်တာ၊ ရာဇဝတ်အသေးအဖွဲအမှုတွေကို လွှတ်ပြီးတော့မှ ၅၀၅(က) တွေကို လွှတ်မပေးတာရယ်၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှုများလာတာရယ် ဒါတွေကို အမြန်ဆုံးဖြေလျှော့ပေးဖို့ တောင်းဆိုကြတယ်လို့သိရပါတယ်။ ထောင်ထဲကို စစ်ကားတွေတော့ ဝင်လာတယ်။ ဒါပေမယ့် လတ်တလော ညှိနှိုင်းနေတယ်" လို့ ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။

ထောင်တွင်းဆူပူမှုတွေဖြစ်ရင် လုပ်ထုံးလုပ်နည်းတွေအရ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေ ညှိနှိုင်းပြီး တောင်းဆိုချက်တွေကို အကျဉ်းဦးစီးညွှန်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန စသဖြင့် အထက်ကို အဆင့်ဆင့်တင်ပြရတာဖြစ်ပါတယ်။

ဦးခင်မောင်မြင့်က "ကျနော်တို့ အတွေ့အကြုံအရ ဒါမျိုးထောင် ဆူပူမှုဖြစ်တယ်ဆိုရင် လတ်တလောဆူပူမှုကို ရပ်တန့်ခိုင်းတာပေါ့။ ဆူပူရတဲ့အကြောင်းအရင်း တောင်းဆိုတဲ့အကြောင်းပြချက်တွေကို ဆွေးနွေးနိုင်ဖို့အတွက် ဆန္ဒပြတဲ့အထဲက ခေါင်းဆောင်တွေ ဆွဲထုတ်ရတာပေါ့။ ခေါင်းဆောင်တွေနဲ့ ထောင်အာဏာပိုင်တွေနဲ့ဆွေးနွေးပေါ့။ ပြီးမှ အဲ့ဒါကို ညွှန်ကြားရေးမှူးရုံးကနေ အကျဉ်းဦးစီးညွှန်ချုပ်ရုံးပေါ့။ ပြီးမှ ပြည်ထဲရေး၊ ပြည်ထဲရေးကနေမှ အထက်အဆင့်ဆင့်တင်ပြပြီး ဘယ်အပိုင်းတွေကို ဖြေလျှော့ပေးမယ်ဆိုပြီး ညှိနှိုင်းကြရတာပေါ့။ လက်ရှိကတော့ ငြိမ်နေတယ်လို့ပြောပါတယ်" လို့ ပြောပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ မနက် ၉နာရီဝန်းကျင်လောက်က အင်းစိန်ထောင်အတွင်းက နိုင်ငံရေးသမားတွေကို ထားတဲ့သီးသန့်ထောင်မှာ နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားခဲ့ပြီး ထောင်ဝင်းအတွင်းကို စစ်ကားတွေဝင်ရောက်လာတယ်လို့ ထောင်ဝန်ထမ်းတချို့က အတည်ပြုထားပါတယ်။ 

အင်းစိန်ထောင်အတွင်းက သီးသန့်ထောင်ဟာ စစ်ကောင်စီကို ဆန္ဒပြတဲ့လူငယ်တွေနဲ့ အဖမ်းခံရတဲ့ CDM ဝန်ထမ်းတွေကို ထားတဲ့နေရာဖြစ်ပါတယ်။ 

စစ်ကားတွေဝင်ရောက်သွားတာမှန်ပေမယ့် ဆိုးဆိုးရွားရွား ရိုက်နှက်တာမျိုးတော့ သတင်းမကြားရသေးဘူးလို့ ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။ 

"ထုံးစံအရကတော့ ထောင်က လူများတာကိုး။ အခုက သီးသန့်ထောင်မှာဖြစ်တာ၊ ထောင်မကြီးရဲ့အပြင်မှာရှိတဲ့ ထောင်အသေးလေးပေါ့။ အဲ့ဒီကနေမှ မထိန်းနိုင်လို့ ထောင်မကြီးကို ကူးစက်ပြီဆိုခဲ့ရင် လူဦးရေများတဲ့အခါကြတော့ ၁၉၈၈ ကလို ထောင်ထဲမှာ မီးရှို့တာ အဆောက်အဦတွေကို ဖျက်ဆီးတာတို့လို အကြမ်းဖက်မှုတွေဖြစ်လာနိုင်လို့ ကြိုတင်ကာကွယ်မှုတွေဖြစ်နိုင်ပါလိမ့်မယ်။  အခုထိတော့ ရိုက်တာနှက်တာ ဘာညာ အသံတော့မကြားသေးဘူး။ သတင်းလည်း တက်မလာသေးဘူး။ တပ်ကအဖွဲ့ကတော့ အပြင်ကနေပဲ လုံခြုံရေးယူထားတယ်လို့ ကြားပါတယ်။"

ဇူလိုင် ၂၂ ရက်နေ့တုန်းက ရာဇဝတ်မှုတွေနဲ့ အဖမ်းခံထားရတဲ့ အချုပ်သားတစ်ထောင်ကျော်ကို အင်းစိန်ထောင်ကနေ အသုတ်လိုက်လွှတ်ပေးနေတယ်လို့ ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်းမှာ အထူးတရားရုံး ၃၈ ရုံး၊ စစ်ခုံရုံး ၆ရုံးဖွင့်လှစ်ခဲ့ပြီး ၅၀၅(က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။ 

ဇူလိုင် ၅ရက်နေ့မှာတော့ ကိုဗစ်တတိယလှိုင်းကြောင့် ထောင်တွင်း တရားရုံးတွေကို ရပ်နားခဲ့ပြီး ဇူလိုင် ၈ ရက်နေ့ကစပြီး အင်းစိန်ထောင်ကို Lock Down ချခဲ့ပါတယ်။ 

အင်းစိန်ထောင်အပါအဝင် မြန်မာနိုင်ငံက ဗဟိုအကျဉ်းထောင်ကြီးတွေဟာ အကျဉ်းသား အချုပ်သား ကျားမ စုစုပေါင်း ၅ ထောင်အထိပဲထားဖို့ အဆောက်အဦတွေ တည်ဆောက်ထားတာဖြစ်ပါတယ်။ 

၅၀၅(က) တွေ ထပ်ရောက်လာတဲ့အခါ ယခင်ရှိပြီးသား လူတွေနဲ့ပေါင်းရင် အကျဉ်းသား ၁၂၀၀၀ ဝန်းကျင်အထိ ထိန်းသိမ်းနေရတာဖြစ်ပါတယ်။

အင်းစိန်ထောင်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းဟာ ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024