ဆီးဂိမ်းအတွက် သတင်းရယူမှု မရေရာ မသေချာမှုများ ဖြစ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဆီးဂိမ်းအားကစားပြိုင်ပွဲ ဖွင့်လှစ်ပွဲမှာ မီဒီယာသမားတွေကို အကန့်အသတ်မရှိ ၀င်ရောက်ပြီး ရိုက်ကူးခွင့်ပြုရေး၊ မပြုရေးနဲ့ပတ်သက်ပြီး မသေချာ မရေရာမှုတွေ ဖြစ်ပွားနေပါတယ်။ ဖွင့်ပွဲပိတ်ပွဲရိုက်ချင်ရင် ယဉ်ကျေးမှုဝန်ကြီးဌာနကို လျှောက်ရမယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နေတာပါ။ slider4ဒီအခြေအနေနဲ့ပတ်သက်လို့ အမ်ပီစီ (Myanmar Press Center) ရုံးမှာ သတင်းထောက် ကတ်ပြားတွေ ရရှိရေး တာဝန်ယူ ကူညီဆောင်ရွက်ပေးနေတဲ့ မဇ္ဈိမ သတင်းဌာနက ဦးစောလင်းအောင်ကို မေးမြန်းရာမှာ လွန်ခဲ့တဲ့နှစ်လက စာနယ်ဇင်းသမားတွေ လက်မှတ် လုပ်တုန်းကနဲ့ လက်ရှိကာလ ကွာဟချက်တွေကို အခုလို ပြောပါတယ်။ “လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ထင်ထားတာက ဒီ အီးကတ် တခုရရင် မီဒီယာတွေအနေနဲ့ ၀င်ခွင့်ရပြီပေါ့။ ဒီ အီးကတ်အပေါ်မှာ သူ့ ရည်ညွှန်းသင်္ကေတတွေ ပါပါတယ်။ အားကစားနေရာ အကုန်လုံး ၀င်လို့ရသလို စီးလို့ရတဲ့ ဘတ်စ်ကား အမျိုးအစားတွေကော နောက်မီဒီယာ ထိုင်ခုံနေရာတွေ အကုန်ပါပါတယ်။ သို့သော် အခု စကြုံရတဲ့ အခက်အခဲက အမိုးပွင့် စင်တာဆိုတဲ့ မဏိရတနာ ခန်းမထဲကို ၀င်တဲ့အခါမှာ အိုင်ပီစီ၊ အမ်ပီစီကို ရည်ညွှန်းထားသော်ငြား အဲဒီကတ်နဲ့ ၀င်ခွင့်မရပဲ နောက်ထပ် လုံခြုံရေးကတ်တခု ဆိုပြီး လက်ဗွေယူပြီး ထွက်ရတဲ့ ကတ်တခု ထပ်လုပ်ရတယ်။ ဖွင့်ပွဲ ပိတ်ပွဲလုပ်ရတဲ့အခါမှာလည်း နောက်တခါ ၀င်ခွင့်ကတ်တွေ လိုဦးမယ်လို့ အသံတွေထွက်လာပြီး စုံစမ်းတော့လည်း သက်ဆိုင်ရာဌာနတွေက ရေရေရာရာ မသိသေးတဲ့ အနေအထားမျိုးတွေ ပုံစံမျိုးတွေ ကြားလာရတယ်။ ” ကတ်ပြားထုတ်ပေးရာ မဏိရတနာ ကျောက်မျက်ခန်းမမှာ စုံစမ်းတဲ့အခါမှာ ၀ဏ္ဏသိဒ္ဓိကွင်းက လက်မှတ်အရောင်းဌာနကို သွားရောက်မေးမြန်းခိုင်းပါတယ်။ အဲဒီဌာနကို သွားမေးတဲ့အခါမှာလည်း အာကစားသမားတွေ တည်းခိုတဲ့ gold camp က ၀င်ခွင့်ထုတ်ပေးရေး ကတ်ကောင်တာမှာ သွားမေးဖို့ ပြောပါတယ်။ သွားမေးတဲ့အခါ မဏိရတနာ ကျောက်မျက်ခန်းမက အမ်ပီစီရုံးကို ထပ်မံညွှန်းဆိုပါတယ်။ မဏိရတနာ ကျောက်မျက်ခန်းမမှာ ရုံးထိုင်ဆောင်ရွက်နေတဲ့ ဆီးဂိမ်းပွဲတော် သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းတင်ရေးကော်မတီရဲ့ ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်ကို မေးမြန်းတဲ့အခါ ဒီကိစ္စဟာ ပွဲစီစဉ်သူတွေအကြားမှာ သဲသဲကွဲကွဲမရှိသေးဘူးလို့ ပြောပါတယ်။ “ဟုတ်ကဲ့။ ကျနော်တို့ ရတဲ့အခါမှာ အကြောင်းပြန်ပါ့မယ်။ လောလောဆယ် ကျနော်တို့လည်း ဂဏနဃ မသိရသေးပါဘူးခင်ဗျ။ အားကစားဝန်ကြီးဌာနကလည်း ဘယ်သူ တာဝန်ရှိလို့ ရှိမှန်းမသိဘူး။ ကျနော်လိုက်တော့ မေးနေပါတယ်။ အားကစားဝန်ကြီးဌာနမှာကိုက သုံးလေးမျိုးကွဲနေတယ်။” ပြည်တွင်းပြည်ပမီဒီယာသမားတွေ သတင်းရယူဖြန့်ချိနိုင်အောင်တော့ ညှိနှိုင်း အဖြေရှာမယ်လို့ သူထင်မြင်ချက်ကို ပြောပါတယ်။ ဒါပေမယ့်  ဆီးဂိမ်းကျင်းပရေးကော်မတီကတော့ ဒီကိစ္စတွေကို တစုံတရာ လူသိရှင်ကြား ရှင်းလင်းပြောဆိုခြင်း မရှိသေးပါဘူး။ နေပြည်တော်မှာ ကျင်းပမယ့် ဆီးဂိမ်းဖွင့်ပွဲမတိုင်ခင်ကတည်းက မီဒီယာသမားတွေ အပါအ၀င် ကတ်ပြားအမျိုးအစား ၁၇ မျိုးကျော် ထုတ်ပေးမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။ ဒီကတ်တွေထဲမှာ  အစိုးရရုပ်သံသတင်းဌာနနဲ့ ပြည်တွင်းရုပ်သံဌာနကြီးတွေအတွက် HB ၊ ရေဒီယိုနဲ့ တီဗွီသတင်းတွေအတွက် RT၊ ပုံနှိပ်မီဒီယာနဲ့ဓာတ်ပုံသတင်းအတွက် E လို့ အမည်ပေးထားတဲ့ ကပ်တွေအသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ကတ်ပြားလက်ဝယ်ရထားပြီး သူတွေဟာ  ဆီးဂိမ်းကျင်းပရာ ဧရိယာတွင်းကိုသာ ၀င်ခွင့်ရမယ်၊ အားကစားလှုပ်ရှားမှုကို ရိုက်ကူးချင်လို့ပဲဖြစ်ဖြစ်၊ ဆီးဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲမှာ ရိုက်ချင်လို့ပဲဖြစ်ဖြစ် သတင်းထောက်တွေဟာ ကတ်ပြားအသစ်တွေ ထပ်လုပ်ရမယ်ဆိုတဲ့အသံတွေ ကြားသိနေရပြီး တီဗွီရိုက်ကူးရေးဟာ မသေမချာဖြစ်နေတာပါ။ အခုလို စာနယ်ဇင်းသမားတွေ သတင်းရယူရိုက်ကူးခွင့်ရှိမရှိဆိုတဲ့ အခြေအနေကို ဆီးဂိမ်းကို လာရောက်ကြမယ့် နိုင်ငံခြားမီဒီယာ သတင်းထောက်တွေ ကျယ်ကျယ်ပြန့်ပြန့် မသိသေးသလို တုံ့ပြန်မှု တစုံတရာ မမြင်တွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up