ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စုထဲမှာ ဇူလိုင် ၂၁ မနက်စောစောက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးလာလို့ တံတားကျိုးကျပြီး၊ လမ်းလုပ်သားနဲ့ ရွာသားတချို့ အပြင် ကားတွေပါ ရေစီးနဲ့အတူမျောပါသွားခဲ့ပါတယ်။
တောင်ကျရေတွေဟာ ဆင်မောင်းကျေးရွာအုပ်စု ပန်ဆာကျေးရွာရှိ နမ့်လုံချောင်းထဲစီးလာပြီး ရေကြီးရေလျှံကာ မိုင်းပြင်း - တာကော သွားကားလမ်းပေါ်က ကွန်ကရစ်တံတား ၁ စင်း ကျိုးသွားသလို အဲဒီအနီးတဝိုက်မှာ တဲဆောက်ပြီးနေနေတဲ့ လမ်းပြင်လုပ်သား တချို့နဲ့ ရွာသား တချို့ ရေထဲမျောပါသွားကာ ဆောက်လုပ်ရေးလမ်းတံတားဌာနဆိုင်ရာ ကားတွေလည်း ၃ စီးထက်မနည်း ရေထဲပါသွားတာပါ။
ပန်ဆာရွာသား ၁ ဦးက “မိုးကတညလုံးရွာပြီး တောင်ကျရေတွေ နမ့်လုံချောင်းထဲဝင်လာတယ်။ ရေထဲမှာ သစ်တုံးကြီးတွေရော အမှိုက်တွေရောပါတော့ တံတားကိုရေစီးကြောင်းအရှိန်နဲ့တိုက်ပြီး ကျိုးကျသွားတာခင်ဗျ။ အဲဒီတံတားက ကွန်ကရစ်တံတား လုပ်ထားတာမကြာသေးဘူး။ ၃ နှစ်လောက်ဘဲ ရှိသေးတယ်၊ နောက်ပြီးတော့ ရေက လမ်းလုပ်သားတွေနေတဲ့တဲတွေကိုရော အဲဒီက လားဟူနဲ့ ပလောင်ရွာသားတွေနေတဲ့ အိမ်ကိုပါ တိုက်စားသွားတာ လူက အနည်းဆုံး ၉ ယောက်လောက် ရေထဲမျောပါသွားတယ်။ ဒီနေ့ထိ ရှာလို့မတွေ့သေးဘူး၊ ဆောက်လုပ်ရေးဌာန လမ်းကြိတ်စက်တွေ၊ မြေတူးစက်ယန္တယားတွေလည်း မြုပ်တယ်၊ အဲဒါတွေတော့ ပြန်ရတယ်။ ပြန်မရတာက မတ်တူးကား ၁ စီး၊ ဟိုင်းဂျက် ၁ စီး နဲ့ လေးလုံးထိုးကား ၁ စီး ပါသွားတယ်ခင်ဗျ။”
ဒါ့အပြင် တောင်ပြိုတာတွေလည်းရှိနေကြောင်း၊ တံတားပြန်ကောင်းမွန်ဖို့ တာဝန်ရှိသူတွေက အမြန်ဆုံးပြင်ဆင်နေပြီးဒီကနေ့ နေ့လယ်အထိတော့ ၇ မိုင် နဲ့ ၉ မိုင်ကြား သွားလို့ ရပေမယ့် ၉ မိုင်ကနေ ဆင်မောင်းရွာထိတော့ သွားလို့ မရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ရေစီးထဲမျောပါသွားသူတွေကတော့ လမ်းအထူးအဖွဲ့ ( ၃ ) မှ ဦးအာကာကျော် အပါအဝင် ကျား (၈) ဦး၊ မ (၄) ဦး စုစုပေါင်း ၁၂ ဦးရှိပြီး ပျောက်ဆုံးသူတွေကို မြို့နယ်ထွေအုပ်/ရဲတပ်ဖွဲ့ နဲ့ မီးသတ်ဌာန စတဲ့ သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေက လိုက်လံရှာဖွေရာမှာ မနေ့ ညပိုင်းက လူ ၁ ဦးကို အသက်ရှင်လျက် ပြန်တွေ့တယ်လို့ We Love Mine Pyin ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
တောင်ကျချောင်းရေစီးကြောင့် မိုင်းပျဉ်းမြို့နယ် ခမ်းမိုက်ကော့ - ပန်မုန့်ကျေးရွာလမ်းက အရှည် (၁၂၀ × ၁၄)ပေရှိ ပလောင်ကုန်းဆာကွန်ကရစ်တံတားနဲ့ ဝမ်မွန်း- ဝမ်ကန်လမ်းရှိ အရှည်ပေ ၉၀ ရှိ သံကူကွန်ကရစ်တံတား ရေတိုက်စားပျက်စီးခဲ့တယ်လို့ လည်းဖော်ပြထားပါတယ်။
ကျိုင်းတုံမြို့မှာလည်း ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီလောက်က အမှတ်(၅)ရပ်ကွက်ရှိ နမ့်ခင်နွဲ့(ကျိုင်းဖောင်း)ချောင်းမှာ ချောင်းရေတားဆည် ကျိုးပေါက်လို့ နေအိမ်တွေအတွင်း ရေဝင်ရောက်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။
ဒါ့အပြင် တာချီလိတ်ခရိုင်ထဲမှာလည်း ဇူလိုင် ၂၁ ရက်မနက်စောစောက ရေကြီးတာ ကြောင့် တာဇန့်ကျေးရွာအနီး မိုင်းယောင်း - မိုင်းယု သွားကားလမ်းပေါ်က ကွန်ကရစ်တံတား ၁ စင်း၊ တာလေနဲ့ ကျိုင်းလပ်သွားကားလမ်းပေါ်က ဝမ်ပိုင်းတံတား ၁ စင်း ပြိုကျပျက်စီးခဲ့တယ်လို့ တာချီလိတ်ဒေသခံ ၁ ဦးက ပြောပါတယ်။