မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ သိမ်းဆည်းထားတဲ့ လက်နက်တွေကို ပြန်အပ်ဖို့ စစ်ကောင်စီဘက်က ပြောဆိုတာကြောင့် နှစ်ဘက်ကြား အပစ်ရပ်ဆွေးနွေးမှု ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။
မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အာဏသိမ်းစစ်ကောင်စီတို့ကြား အပစ်ရပ်စဲကြောင်း သဘောတူညီမှု ဇူလိုင်လ ၁၆ ရက်နေ့မှာ ပျက်ပြယ်ပြီးနောက်ပိုင်း နှစ်ဘက် တင်းမာမှုတွေ ရှိခဲ့သလို ဇူလိုင်လ ၂၁ ရက်မနက် ၇ နာရီဝန်းကျင်မှာ မကွေးတိုင်းနဲ့ ချင်းပြည်နယ် အစပ် ရွှေတွင်းတူးရွာနားမှာ ပထမဆုံးအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ထိခိုက်ကျဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
အာဏာသိမ်းမှုကို လက်သင့်မခံဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ကိုယ့်ဒေသကိုယ် ကာကွယ်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဧပြီလမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ စတင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ လက်နက်ခဲယမ်း ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ရှိခဲ့ပါတယ်။
မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောဆိုမှုတွေအရ စစ်ကောင်စီဘက်က သေဆုံးသူ ၂၀၀ ကျော်ရှိပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ၂၀ ကျော် သေဆုံးခဲ့ပြီး အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။
အခုလိုအခြေအနေတွေကို ပြေလည်နိုင်အောင် ကြားဝင်ညှိနှိုင်းမှုတွေရှိခဲ့ပြီး နှစ်ဘက် တာဝန်ရှိသူတွေ တဆင့်ခံ တွေ့ဆုံးဆွေးနွေးမှုတွေပြုလုပ်ကာ အပစ်ရပ်ထားရေးကို သဘောတူခဲ့ကြတာပါ။
အဲဒီအပစ်ရပ် ကာလအတွင်းမှာ စစ်ကောင်စီဘက်က နယ်မြေစစ်ရေးတိုးချဲ့မှုတွေ လုပ်ဆောင်ခဲ့ပြီး မင်းတပ်မြို့အတွင်းရှိနေတဲ့ နယ်မြေခံတပ်ရင်း ၂၇၄ အပါအဝင် တပ်ရင်း ၆ ရင်း လှုပ်ရှားနေပြီး တပ်ရင်း ၄ ရင်းကို လူမြင်ကွင်းမှာ လှုပ်ရှားခိုင်းကာ ကျန် ၂ ရင်းကိုတော့ ရွေ့လျားစစ်ကြောင်းအနေနဲ့ အသုံးပြုနေတယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုပါတယ်။
တိုက်ပွဲအခြေအနေ တည်ငြိမ်ခြင်းမရှိသေးတာကြောင့် မင်းတပ်ပြည်သူ ထောင်နဲ့ချီပြီး ဘေးလွတ်ရာမှာ ရှောင်တိမ်းနေရဆဲဖြစ်သလို ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေဆဲ ဖြစ်ပါတယ်။
မင်းတပ်မြို့က ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ဇူလိုင် ၁၉ ရက်နေ့က UNHCR ရဲ့ ကူညီထောက်ပံ့ရေးကားတွေ မင်းတပ်မြို့ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း UNHCR ရဲ့ ထောက်ပံ့ကူညီပေးတဲ့ ပစ္စည်းတွေကို စစ်ကောင်စီဘက်က ခွင့်ပြုတဲ့ မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေသာရရှိကြပြီး စစ်ပွဲတွေကြောင့် မင်းတပ်မြို့ကနေ တိမ်းရှောင်ကာ တောတောင်တွေထဲမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ မရရှိကြပါဘူး။
မင်းတပ်မြို့ပေါ်မှာ လက်ရှိ စစ်ဘေးရှောင် စခန်း ၁၀ ခု ရှိပြီး လူဦးရေအတိအကျကိုတော့ မသိရသေးပါဘူး။