ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့မှာ ဇူလိုင် ၂၁ ရက်နေ့က စတင်ကာ အချိန်အကန့်အသတ်နဲ့ နေအိမ်ပြင်ပ တစ်ဦးသာ ထွက်ခွာခွင့်ပြုတဲ့အတွက် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးရောင်းချတဲ့ဆိုင်တွေမှာ လူတွေ စုံပြုံပြီး စျေးဝယ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၁ ရက်နေ့က စတင်ကာ မနက် ၄ နာရီကနေ ၁၀ နာရီအတွင်း အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး ဝယ်ယူဖို့ တစ်အိမ် တစ်ယောက်သာ ထွက်ခွင့်ပြုမည်ဖြစ်ပြီး တာဝန်နဲ့ နာရေးကိစ္စကလွဲပြီး နေအိမ်ပြင်ပ လုံးဝမထွက်ကြဖို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဇူလိုင် ၂၀ ရက်ညမှာ အသံချဲ့စက်နဲ့ မြို့တွင်း လိုက်လံအသိပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အချိန်ကန့်သတ်လိုက်တဲ့အတွက် ကျနော်သွားဝယ်တဲ့ဆေးဆိုင်မှာ လူတွေ အုံခဲပြီး ဆေးလာဝယ်ကြတယ်။ ဆေးဝယ်ဖို့အရေး နာရီဝက်လောက်စောင့်ရတယ်။ ၁၀ နာရီနောက်ပိုင်း နေအိမ်ပြင်ပကို မထွက်ရဘူးဆိုတော့ ရတဲ့အချိန်တိုလေးအတွင်း စုပြုံပြီးလာဝယ်ကြတာ အချို့ဆိုင်တွေကလည်းပိတ်ထားပြီ” လို့ ပြောပါတယ်။
ဘိုကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပိုများလာတဲ့အတွက် မြို့မစျေး၊ အောင်သပြေစျေးနဲ့ မြို့ပေါ် ပျံကျစျေးအားလုံးကို ဇူလိုင် ၂၁ ရက်ကနေ ၂၅ ရက်နေ့ထိ ခေတ္တ ယာယီ ပိတ်သိမ်းရမယ်လို့ ဘိုကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ဘိုကလေးမြို့မှာ ကိုဗစ်တတိယလှိုင်းကာလ ဇူလိုင် ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ကျော်နဲ့ သေဆုံးသူက ဒီနေ့အထိ ၁၃ ဦး ရှိပြီလို့ သိရပါတယ်။