ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်း အရေးပေါ် ကာလကို စက်တင်ဘာ ၃၀ ရက်နေ့အထိ နောက်ထပ် ၂ လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။
ခုလိုအရေးပေါ်ကာလကို ထပ်မံတိုးမြှင့်ရတာဟာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကနေ ဇူလိုင် ၉ ရက်နေ့အထိ ရောဂါကူးစက်မှုအသစ် ၂ သိန်း ၈ သောင်းကျော်ထိ မြင့်တက်လာခဲ့တာမို့ ဒါကိုထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်မှုဗဟိုချက်မ ဖြစ်နေတာကတော့ မြို့တော်ဘန်ကောက်နဲ့ အနီးနား ခရိုင်တွေဖြစ်ပြီး နေ့စဉ်ကူးစက်မှု ထောင်ချီရှိနေပြီး သေဆုံးမှု ဒါဇင်နဲ့ချီ ရှိနေတာပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘန်ကောက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်ဟာ ၂,၇၆၄ ယောက်နဲ့ သေဆုံးသူ ၄၁ ယောက် ရှိခဲ့တာ ဖြစ်ပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ခုလိုတင်းကြပ်တဲ့ စည်းမျဉ်းကန့် သတ်ချက်တွေ မချမှတ်ထားဘူးဆိုရင် လက်ရှိတရက်ကို လူ ၁ သောင်းကျော်ကူးစက်မှုနှုန်းကနေ လာမယ့် ၂ ပတ်အတွင်း ၁ သိန်းကျော်ကူးစက်မှု ဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၂၃,၀၆၆ ယောက်နဲ့ သေဆုံးသူ ၇၃၅ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံတွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၉ သိန်းကျော်၊ သေဆုံးသူပေါင်း ၇,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။