ကမ်းရိုးတန်းဒေသ ရေလွှမ်းမိုးမှု အရေးတကြီးဖြေရှင်းရမည့်ပြဿနာဟု နာဆာ ပြော

အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာရဲ့ လေ့လာချက်အသစ်က ကမ်းရိုးတန်းဒေသ ရေလွှမ်းမိုးမှုဟာ အရင်က ထင်တာထက် အများကြီးပိုပြီး အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာလို့ ပြောလိုက်ပါတယ်။

လာမယ့်ဆယ်စုနှစ်မှာ ကမ်းရိုးတန်းဒေသတွေတလျှောက်က မြို့တွေဟာ တဟုန်ထိုး ရေကြီးမယ့်ဘေးကို မျှော်လင့်ထားသင့်တယ်လို့ လေ့လာချက်က ဆိုပါတယ်။ 

ကမ်းရိုးတန်းတွေမှာ ကပ်ဘေးသင့်လောက်အောင် ရေကြီးမယ်လို့ ကနဦး ဟောကိန်း ထုတ်ထားတာထက် အနှစ် ၇၀ ပိုစောစော ကပ်ဘေးသင့်မယ်လို့ လေ့လာချက်က ဆိုပါတယ်။

အမေရိကန်မှာ ပင်လယ်ဒီရေ မြင့်တက်လို့ ရေကြီးမှု ခန့်မှန်းခြေ အမြန်မြင့်တက်လာတာနဲ့ အစွန်းရောက်လများ ဆိုတဲ့ လေ့လာချက်ကို သဘာဝရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သိပ္ပံဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီလေ့လာချက်ကို နာဆာရဲ့ ပင်လယ်ရေမျက်နှာပြင် အပြောင်းအလဲဆိုင်ရာ သိပ္ပံအဖွဲ့က ဦးဆောင်ခဲ့ပြီး ဒီလေ့လာချက်ဟာ အမေရိကန် ကမ်းရိုးတန်းတွေကို အာရုံစိုက်ထားပေမယ့် တကမ္ဘာလုံးအတွက် သက်ဆိုင်တယ်လို့ နာဆာက ပြောပါတယ်။

ခုလိုဖြစ်ရတာဟာ ကမ္ဘာကြီး ပူနွေးမှုကြောင့် ဘေးဖြစ်စေတဲ့ မိုးလေဝသ အကြောင်းရင်းတွေ ရှားရှားပါးပါး ပေါင်းဆုံရာက ဖြစ်လာတဲ့ ဖြစ်စဉ်နဲ့ ပုံမှန် လရဲ့ ပတ်လမ်းကြောင်းတို့ သက်ရောက်မှုကြောင့်လို့ နာဆာက ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကို လ လှုပ်ခါမှု ‘moon wobbling.’ လို့လည်း ခေါ်ဝေါ် ခဲ့ပါတယ်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာဟာ ပိုအပျက်အစီးများနိုင်ပြီး ရေကြီးတာနဲ့ မုန်တိုင်းဒီရေတို့ကနေ အပျက်အစီး ပိုဖြစ်နိုင်တယ်လို့လည်း နာဆာက ပြောပါတယ်။

ဒဏ်သင့်မယ့် မြေနိမ့်ဒေသ စုစုပေါင်းရဲ့ ၆၂ ရာခိုင်နှုန်းဟာ အပူပိုင်းဒေသမှာရှိပြီး စုစုပေါင်းရဲ့ သုံးပုံတပုံက အာရှဒေသမှာ ရှိတယ်ဆိုတဲ့ အချက်ကို နာဆာသိပ္ပံပညာရှင်အဖွဲ့က တွေ့ရှိထားပါတယ်။

More News
Up