Home
မြန်မာသတင်း
မဲဆောက်တွင် ရောဂါကူးစက်မှုမြင့်တက်လာသောကြောင့် ကိုဗစ်ထိန်းချုပ်ကုသရေးအဖွဲ့ ဆရာဝန် နုတ်ထွက်
DVB
·
July 19, 2021

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေ မြင့်တက် လာတာကြောင့် ရောဂါထိန်းချုပ်ကုသရေးအဖွဲ့က ဆရာဝန်တယောက် နုတ်ထွက်သွားခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဒေါက်တာနပ်တာဂန် ချူအင်ချွန်က မဲဆောက်ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့ပွားမှုဟာ ထိန်းချုပ်မရအောင်ဖြစ်နေပြီး တရက်တည်းမှာတင် ကူးစက်မှု ၂၅၇ ခုရှိခဲ့ တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့က နုတ်ထွက်လိုက်ပေမယ့် ဆေးကုသရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ် ၁၁,၇၈၄ ယောက်ရှိခဲ့ပြီး အဲဒီထဲက အယောက် ၁၀၀ ကတော့ နိုင်ငံတဝန်း အကျဉ်းထောင်တွေကဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တရက်တည်း သေဆုံးသူ ၈၁ ယောက်နဲ့ စုစုပေါင်း ၃,၄၂၂ ယောက် ရှိလာခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၄ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံတွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၉ သိန်းကျော်၊ သေဆုံးသူ ပေါင်း ၇,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

       ဒေသတွင်း ကူးစက်မှု အမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာတော့ လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၂ သိန်း ၂ သောင်းကျော်နဲ့ ပါဝင်လာခဲ့ပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၉၁ ဒသမ ၂ သန်းကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာ သူပေါင်း ၁၇၄ ဒသမ ၂ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော် ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024