Home
မြန်မာသတင်း
“တော်လှန်ရေးမီးစာကို အရှိန်မြှင့်ပေးပါ” - ကျေးရွာပေါင်းစုံသပိတ်ခေါင်းဆောင်
DVB
·
July 19, 2021

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့က ကျေးရွာပေါင်း စုံသပိတ်စစ်ကြောင်းကို ရက်မပျက်ချီတက်လာတာ ရက်ပေါင်း ၁၃၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ ၇၄ နှစ်မြောက် အာဇာနည်နေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် ခေတ်အဆက်ဆက် လူထုတော်လှန်ရေးတွေမှာ ကျဆုံးသွားကြတဲ့ အာဇာနည်အပေါင်းကို ဦးညွတ်ဂုဏ်ပြုရင်း ချီတက်ခဲ့ကြပါတယ်။ 

နွေဦးတော်လှန်ရေးမှာ နေ့စဉ်ရက်မပျက် အကြမ်းမဖက်သောနည်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်နေရတဲ့အကြောင်းကို ကျေးရွာပေါင်းစုံသပိတ်ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကဗျာဆရာ လွမ်းသူနဲ့ မေးမြန်းထားပါတယ်။

မေး - လက်ရှိအချိန်ထိ သပိတ်စစ်ကြောင်းထွက်နေနိုင်ရတဲ့အကြောင်းရင်းလေး ပြောပါပေးပါဦး။

ဖြေ - လက်ရှိအချိန်အထိ သပိတ်စစ်ကြောင်းတွေ ထွက်နေရတဲ့ အကြောင်းအရင်းကတော့ ကျနော်တို့ တိုင်းပြည်လွတ်မြောက်ရေးဟာ Soft power နဲ့ Hard power ဟန်ချက်ညီဖို့ လိုတဲ့အတွက်ဖြစ်တယ်။ ခုဆို (၇) လတာ ကာလအတွင်းကို ရောက်ရှိလာခဲ့ပြီ စစ်ကောင်စီက အာဏာသိမ်းယူမှုဟာ၊ ခုထိ သူတို့ ဘယ်ယန္တရားကိုမှ မလည်ပတ်နိုင်သေးတာ လူထုသပိတ်တွေကြောင့်ဆိုရင် မမှားပါဘူး။ ဒါကြောင့် ကျနော်တို့တွေ လမ်းမထက်က လူထုသပိတ်စစ်ကြောင်းတွေကို ဆက်လက်ချီတက်နေရတာပါ။

မေး - လတ်တလော သပိတ်စစ်ကြောင်းမှာ အခက်အခဲတွေက ဘာတွေလဲ။

ဖြေ - ခုဆို ကျနော်တို့ သပိတ်စစ်ကြောင်းဟာ ရက်ပေါင်း ၁၃၀ ပြည့်မြောက်ခဲ့ပါပြီ။ အရင်က လူအင်အားထောင်ချီ ဝန်းရံခဲ့ကြပေမယ့် ခု လူအင်အား ရာဂဏန်း အနည်းသာ ဝန်းရံနိုင်တာကို တွေ့လာရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သပိတ်စစ်ကြောင်းဟာ ကျေးရွာလူထုတွေ ဝန်းရံချီတက်ပေးတဲ့ သပိတ်စစ်ကြောင်းဖြစ်တဲ့အတွက် ဒေသတွင်းကျေးရွာအသီးသီမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်မားနေပြီး အသက်သေဆုံးသည်အထိ ရှိနေတာကြောင့် ဖြစ်တယ်လို့ ကျနော်ယူဆပါတယ်။ ခုဆို ကျနော်တို့ သပိတ်ကော်မတီအနေနဲ့ အဝတ် Mask များ၊ ဆေးဝါးများနဲ့ အရေးပေါ်အခြေအနေဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို ဝေမျှရင်း နေ့စဉ်ချီတက်ဆဲပါပဲ။ အခက်အခဲအနေနဲ့ကတော့ လူထုဟာ တော်လှန်စိတ်ရှိပေမယ့် ကိုဗစ်ကပ်ရောဂါအပေါ် အာရုံစူးစိုက်နေမှုဟာ သပိတ်စစ်ကြောင်းအတွက် အခက်အခဲဖြစ်ပါတယ်။ ရွာတွေကို လှည့်လည်ချီတက်တဲ့ စစ်ကြောင်းဖြစ်တဲ့အတွက် အချို့ရွာတွေမှာ ကိုဗစ်ကြောင့် ရွာအတွင်း ဝင်ရောက်ခွင့်မရတဲ့ ကျေးရွာတွေလည်း ရှိလာပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ Scout ကိုသေသေချာချာချပြီး ရနိုင်သလောက်ဆက်လက်ချီတက် နေဦးမှာပါ။

မေး - နွေးဦးတော်လှန်ရေးအပေါ် တချို့က မြေပေါ်၊ တချို့မြေအောက်မှာ သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားနေကြတယ်။ အဲဒီအပေါ် အမြင်သဘောထားလေးပြောပေးပါဦး။

ဖြေ - လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ ကျနော်လေ့လာမိသလောက်တော်လှန်ရေးထဲမှာ အားအရဆုံး တော်လှန်ရေးပါပဲ။ လူထုတွေက စစ်ဖိနပ်အောက်လွတ်မြောက်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရနိုင်သမျှသော တော်လှန်ရေးလမ်းစဉ်တွေအပေါ် နင်းလျှောက်တော်လှန်နေကြတာဟာ သိပ်အားရစရာပါ။ ဒီနေရမှာ တော်လှန်ရေး စကားလုံးအရ မြေပေါ်၊ မြေအောက်ဆိုပြီး ရှိနေပေမယ့်လည်း ဒါဟာ တော်လှန်ရေးလမ်းစဉ်တွေပါပဲ။ လှုပ်ရှားမှုပုံစံ၊ အစုအဖွဲ့ပုံစံ ကွဲလွဲတာပါပဲ။ လမ်းချင်းမတူပေမယ့် ပန်းတိုင်ဆီသွားနေကြတာတော့ အတူတူပါပဲ။ ဒီနေရမှာ တခါတရံ မြေပေါ်၊ မြေအောက် ကွဲလွဲတာရှိနိုင်ပေမယ့် ကွဲလွဲခွင့်ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ကျနော်တို့မှတ်ယူပြီး သွေးမကွဲဘဲ ဆက်လက်တော်လှန်ကြရမှာပါ။ ဒီ တော်လှန်ရေးဟာ မြေပေါ်မြေအောက် စည်းချက်ညီမှ အမြန်ဆုံးအောင်နိုင်မှာပါ။ ဒါကြောင့် ကျနော့်အနေနဲ့တော့ မြေပေါ်၊ မြေအောက် ယုံကြည်ချက်တစ်ခုအပေါ် ခြေစုံရပ်နေတဲ့ ခြေထောက် ၂ ချောင်းလို့သာ ပြောချင်ပါတယ်။

မေး - စကစတပ်တွေရဲ့ တားဆီးပိတ်ဆို့မှုအခြေအနေတွေက ဘယ်လိုရှိလဲ။

ဖြေ - ခုချိန်ထိတော့ တားဆီးပိတ်ပင်မှု နည်းပါးခဲ့ပါတယ်။ လိုက်လံပြီး မေးမြန်းမှုတွေ ရှိခဲ့ပေမယ့် ပတ်ဝန်းကျင်လူထုရဲ့ ပါးနပ်မှုနဲ့ ကျနော်တို့ ယနေ့အချိန်အထိ ချီတက်နေဆဲပါပဲ။ အမြဲဆိုသလို လိုက်လံစုံစမ်းမှုတွေကတော့ ရှိနေဆဲပါပဲ။ ကျနော်တို့လည်း ခုချိန်မှာ ကိုဗစ်ရော၊ စကစကိုရော အထူးဂရုစိုက်ပြီး ဆက်လက်တော်လှန်နေဆဲပါပဲ။

မေး - ရက်ပေါင်း ၁၀၀ ကျော်အတွင်း ဖြိုခွင်းခံရတာ၊ ဖမ်းဆီးခံရတာ ဘယ်နှကြိမ် ကြုံတွေ့ခဲ့ရသေးလဲ။

ဖြေ - ဖြိုခွင်းခံရမှု တစ်ကြိမ်ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ မတ် ၂၇ ရက်နေ့ (တော်လှန်ရေးနေ့) မှာ မုံရွာ-ပုသိမ်-ယာကြီး လမ်းဆုံမှလူအင်အား သောင်းချီ ချီတက်ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။ အဲဒီမှာ စကစ က အလုံးအရင်းနဲ့ လာရောက်ဖြိုခွင်းလို့ ၁ ယောက်ကျပြီး ၂ ယောက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ နောက်ဖြစ်စဉ်တွေမှာတော့ သပိတ်ခေါင်းဆောင်ကိုသာ ခြိမ်းခြောက်မှုတွေ ရှိနေဆဲပါပဲ။

မေး - ဘာများဖြည့်စွက်ပြောကြားချင်ပါသေးလဲ။

ဖြေ - ရက်ပေါင်း ၁၃၀ ကျော်တဲ့အထိ အဓိက ဖြည့်စွက်ပြောလိုတာက ဒီတော်လှန်ရေးဟာ ကျနော်တို့တိုင်းပြည်အတွက် အသက်တစ်မျှ အရကြီးတဲ့အရာပါပဲ။ အဲဒီလိုပါပဲ စစ်ဖိနပ်အောက်က လွတ်မြောက်ခြင်းဟာ နိဗ္ဗာန်ဘုံတစ်ခုအလားပါပဲ။ ဒါကြောင့် ကျနော်တို့ အားလုံးရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ် ကပ်ရောဂါနဲ့ အာဏာရှင်စနစ် အမြစ်ဖြတ် ပြုတ်ကျရေးဖြစ်ပါတယ်။ ဒီတော့ ကိုဗစ်ကပ်ရောဂါဟာ အစားအသောက်၊ အနေအထိုင်၊ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ မှီဝဲသင့်တဲ့ဆေးဝါးတွေကို မှီဝဲမယ်ဆိုရင် မကူးစက်အောင်၊ ကူးစက်ရင်လည်း အသက်မဆုံးရှုံးအောင် ဆောင်ရွက်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ် ကျဆုံးရေးကတော့ ကျနော်တို့ လူထုအားလုံးရဲ့ မမှိတ်မသုန်တော်လှန်ခြင်းကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ မမှိတ်မသုန်တော်လှန်ရေးဆိုတဲ့ နေရာမှာ မြေပေါ် မြေအောက် အားလုံး သွေးမကွဲဘဲ ညီညွတ်နေဖို့လိုပါမယ်။ ဒါကြောင့် ကျနော့်အနေနဲ့ကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ငြိမ်ကျမသွားဘဲ လူထုတစ်ရပ်လုံးက ကိုဗစ်ကို အထူးဂရုစိုက်ပြီး တော်လှန်ရေးမီးစာကို အရှိန်မြှင့်ပေးပါလို့သာ ဖြည့်စွက်လိုပါတယ်။ ကျေးဇူးတင်ပါတယ်။အရေးတော်ပုံ အောင်ရမည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024