ကိုဗစ်ရောဂါအရေး စီမံခန့်ခွဲမှု ညံ့ဖျင်းသည့် ထိုင်းဝန်ကြီးချုပ်နုတ်ထွက်ရန် ဘန်ကောက်နှင့် ချင်းမိုင်တွင်ဆန္ဒပြ



ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေ နေ့စဉ် ၁၀၀၀၀ ကျော် မြင့်တက်နေပြီး အစိုးရက ကူးစက်နှုန်းမြင့်မားတဲ့နေရာမှာ လော့ဒေါင်းချတာတွေ၊ ညမထွက်ရအမိန့်တွေ ထုတ်ထားပေမယ့် ပြည်သူတွေထောင်နဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။
ဇူလိုင် ၁၈ ရက်နေ့မှာဆိုရင် မြို့တော်ဘန်ကောက်မှာရော ဒုတိယမြို့တော် ချင်းမိုင်မှာပါ ကိုဗစ်-၁၉ ကာကွယ်မှု စီမံကိုင်တွယ်ညံ့ဖျင်းတဲ့ ဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားအနေနဲ့ ခြွင်းချက်မရှိ တာဝန်ကနေနုတ်ထွက်ပေးဖို့ ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။
၁၈ ဇူလိုင်သပိတ် လို့အမည်ပေးထားတဲ့ ဆန္ဒပြပြည်သူတွေဟာ မနေ့ မွန်းလွဲ ၂ နာရီလောက်က မိုးတွေရွာနေတဲ့ ကြားထဲက ဘန်ကောက်မြို့လယ် ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်မှာ လာရောက်စုဝေးခဲ့ကြပါတယ်။
ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် ပရယုဒ်ကျန်အိုးချားမှ ခြွင်းချက်မရှိ နုတ်ထွက်ပေးဖို့၊ တော်ဝင်နန်းတွင်းဘတ်ဂျက်နဲ့ စစ်တပ်ဘတ်ဂျက်အသုံးစရိတ်တွေ လျှော့ချပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးမှာ ပိုမိုသုံးစွဲသွားဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးကို mRNA အမျိုးအစားသာ အသုံးပြုဖို့ အချက် ၃ ချက်ကို တောင်းဆိုကြောင်း ဆန္ဒပြခေါင်းဆောင် နိုင်းထနဖုန်းက ကြေညာပါတယ်။
အဲဒီနောက် ဆန္ဒပြသူတွေဟာ အစိမ်းရောင်လည်စီး ပတ်ထားတဲ့ ဆန္ဒပြလုံခြုံရေး အဖွဲ့သားတွေ ခြံရံပြီး အစိုးရအိမ်တော်ဆီကို ဦးတည်ထွက်လာခဲ့ကြပါတယ်၊ ဒါပေမဲ့ လမ်းမှာ ရဲတွေက ကားပေါ်ကနေ ရေတွေပက်ပြီး လူစုခွဲခဲ့ပါတယ်။ အဆိုပါ ရေထဲမှာ အစိမ်းရောင်၊ အနီရောင်အငွေ့တွေပါ ပါလာလို့ ဆန္ဒပြခေါင်းဆောင်က အဲဒါဟာ မျက်ရည်ယိုဓာတ်ငွေ့ဖြစ်ကြောင်းနဲ့ အားလုံး သတိထားကြဖို့၊ ဒီကနေ့ရည်ရွယ်ချက်အတိုင်း အစိုးရအိမ်တော်ဆီ မရောက်ရောက်တဲ့နည်းနဲ့ သွားဖို့ ပြောဆိုပြီး တခြားလမ်းကနေ လမ်းကြောင်းလွှဲကာ ချီတက်လာပါတယ်။
အဆိုပါလမ်းတွေမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှေ့ကနေ လာရောက်ဟန့်တားပိတ်ဆို့ခဲ့ကြောင်း၊ ရာ့ချ်မုန်းခုံဖရနခွန်းတက္ကသိုလ်ရှေ့ရောက်တော့ လုံခြုံရေးရဲတပ်ဖွဲ့ အင်အားတွေ ပိုမိုဖြည့်တင်းပိတ်ဆို့ထားပါတယ်။
ဆန္ဒပြသူတွေဘက်ကလည်း ရေတွေနဲ့ပြန်ပက်လို့ နှစ်ဘက် ထိတွေ့မှုဖြစ်ပြီး ရဲတွေက သူတို့ကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ရော ၊ ရာဘာကျည်ပါ အသုံးပြုပြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူ ဘယ်နှဦးရှိလဲဆိုတာတော့ မသိရသေးပါဘူး။
တားဆီးမှုတွေကြောင့် ဆန္ဒပြသူတွေဟာ ရည်မှန်းထားတဲ့ အစိုးရအိမ်တော်ဆီအ ရောက်မသွားနိုင်တော့ဘဲ ညနေ ၆ နာရီခွဲမှ ဆန္ဒပြခေါင်းဆောင်တွေက လူစွဲခွဲခဲ့ကြပါတယ်။
အလားတူ ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း ကားနဲ့ ဆိုင်ကယ်အစီးရေ ၅၀၀ ကျော်လောက်က မြို့ကိုပတ်မောင်း ၊ ဟွန်းသံပေးပြီး ဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားကို မောင်းထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြစစ်ကြောင်းကို နခွန်းဖိင်းချင်းမိုင်ပရယုဒ်အလိုမရှိ လို့ အမည်ပေးထားပြီး အိမ်စီးကား၊ မော်တော်ဆိုင်ကယ်နဲ့ တုတ်တုတ်သုံးဘီးကားတွေပါတဲ့ စစ်ကြောင်းဟာ ချိုးတနားလမ်းပေါ်မှာ လူစုကာ မြို့ထဲနဲ့ ချင်းမိုင်မြို့ရိုးကိုပတ်မောင်းခဲ့ပါတယ်။
ဦးဆောင်တဲ့ ကားပေါ်ကနေ အစိုးရဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းမှာ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ အများပြည်သူဒုက္ခရောက်နေရကြောင်း၊ ကာကွယ်ဆေး မှာယူတင်သွင်းမှု နှောင့်နှေးကြောင်း ဒါကြောင့် ဝန်ကြီးချုပ်မှ တာဝန်ယူတဲ့အနေနဲ့ နုတ်ထွက်ပေးဖို့ ဆော်ဩခဲ့ပါတယ်၊ လမ်းဘေးက ရပ်ကြည့်နေတဲ့ပြည်သူတွေလည်း လက် ၃ ချောင်းထောင် အားပေးခဲ့ကြပါတယ်၊ အဲဒီနောက် ဆန္ဒပြသူတွေဟာ မြို့လယ်ကောင် ဘုရင်သုံးပါးရုပ်တုရှေ့မှာ လာရောက်စုဝေးဟောပြောခဲ့ကြပါတယ်။
အဆိုပါနေရာကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ ငြိမ်းချမ်းစွာဆန္ဒပြဖို့ လာပြောခဲ့တာကလွဲပြီး အဖမ်းအဆီး မရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံမှာ ဒီကနေ့ ဇူလိုင်လ ၁၉ ရက် ဒီနေ့ လူနာသစ် ၁၁၇၈၄ ဦး၊ သေဆုံးသူ ၈၁ ဦးရှိပါတယ်။ မနှစ်ကစပြီး ဒီနေ့ထိ ပိုးတွေ့လူနာ စုစုပေါင်း ၄၁၅၁၇၀ ဦး ၊ သက်သာပျောက်ကင်းသူ ၂၈၉၆၅၁ ဦး နဲ့ သေဆုံးသူပေါင်း ၃၄၂၂ ဦးရှိပါတယ်။