Home
မြန်မာသတင်း
မင်္ဂလာဒုံ၊ မှော်ဘီနှင့် မော်လိုက်မြို့များတွင် တရက်တည်း ကိုဗစ်-၁၉ ရာချီ ကူးစက်ခံထားရ
DVB
·
July 19, 2021

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၄၉၇ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ၊ မှော်ဘီမြို့နယ်တွေနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်မြို့နယ်တွေမှာရာချီကူးစက်ခံရပြီး အများဆုံးဖြစ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏ အတိုင်းအဆ ကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၀၅၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၅,၄၉၇ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၃၉ ဒသမ ၁၁ ရာခိုင်နှုန်းကျော် ရှိနေတာပါ။

ဒါ့အပြင် လူနာ ၂၃၃ ယောက် ထပ်မံပြီးတော့ အမြင့်ဆုံးစံချိန်တင်သေဆုံးခဲ့တာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ  ၄,၇၆၉ ယောက် ရှိပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ သေဆုံးသူအသစ် ၁၉၀ ယောက် ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူ အရေအတွက်ကတော့ ၃,၀၁၀ ယောက်နဲ့ ကူးစက်ခံရသူ စုစုပေါင်းကတော့ ၂၂၄,၂၃၆ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ရန် ကုန်တိုင်းဒေသကြီးက ၁,၁၈၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ ပဲခူးတိုင်း ဒေသကြီးက ၉၉၀ ယောက်၊ ရှမ်းပြည်နယ်က  ၇၄၃ ယောက်၊ မကွေးတိုင်းဒေသကြီးက ၅၄၅ ယောက်၊ ဧရာဝတီတိုင်းဒေသကြီးက ၅၁၅ ယောက်စီနဲ့ အစဉ်လိုက် အများဆုံး ကူး စက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024