နာမည်ကြီး အဆိုတော် ကျားပေါက်နဲ့ တကိုယ်တော် ပရဟိတသမားများကွန်ရက်မှ ခင်နှင်းကြည်သာတို့ အပါအဝင် လူငယ်တွေ ဆွေးနွေးသွားကြမယ့် စစ်အာဏာသိမ်းကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ဆွေးနွေးပွဲတခုကို ကျင်းပသွားဖို့ ရှိနေပါတယ်။
“Defeating COVID, Amidst Coup” ခေါင်းစဉ်နဲ့ ဒီဆွေးနွေးပွဲမှာတော့ လက်ရှိ ကို ဗစ်ကပ်ရောဂါကို အဆိုးဆုံးအခြေအနေထိရောက်အောင် ဘယ်အရာတွေက တွန်းပို့နေတာလဲ၊ ကိုဗစ်-၁၉ ကြောင့် စိတ်ဓါတ်ကျစရာတွေကို အောင်မြင်စွာ တွန်းလှန်ကျော်လွှားပြီး အသက်ရှင်ကျန်နေထိုင်ဖို့ ဘယ်လိုခွန်အားတွေနဲ့ ရှေ့ဆက်ကြမလဲစတာတွေကို တိုက်ရိုက်လိုက်ဖ်အနေနဲ့ ဆွေးနွေးသွားကြမှာလို့ ဆိုပါတယ်။
ဇူလိုင် ၁၈ ရက်မှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် Virtual Live အနေနဲ့ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာတော့ ကျားပေါက်၊ ခင်နှင်းကြည်သာတို့နဲ့အတူ ဒေါက်တာ ဖြိုးသီဟ၊ ဒေါက်တာ ဖြူဖြူသင်းဇော်၊ မဖြူပန်းနုခင်တို့ကလည်း ပါဝင်ဆွေးနွေးသွားကြမှာပါ။
လတ်တလောမှာတော့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ မတရားအကြမ်းဖက်မှုတွေကို ထိခိုက်ခံစားနေရချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ကိုဗစ် အန္တရာယ်ကိုပါ ပြင်းပြင်းထန်ထန် ခုခံနေကြရပါတယ်။
တဖြည်းဖြည်း ပိုမိုဆိုးဝါးလာပြီး ကူကယ်ရာမဲ့ဖြစ်နေတဲ့အခြေအနေမှာ သမိုင်းတွင်မယ့် အန္တရာယ်ကြီး ၂ ခု ရန်ကို တွန်းလှန်နေတဲ့ ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေရနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲကိုတော့ CRPH – OFP Fundraising Program အဖွဲ့ သားတွေနဲ့ We Pledge CDM တို့က ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။