တောင်အာဖရိက အကြမ်းဖက်လုယက်ဖျက်ဆီးမှုများအတွင်း သေဆုံးသူ ၇၀ ကျော်ရှိလာ

တောင်အာဖရိကနိုင်ငံမှာ လူအုပ်တွေက ရုံးတွေ၊ ဆိုင်တွေကို ဖျက်ဆီး လုယက်နေပြီး အကြမ်းဖက်လာတာ သီတင်းပတ်တပတ် ကြာချိန်အတွင်း ဇူလိုင် ၁၄ ရက် အထိ လူအယောက် ၇၀ ကျော် သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်မှု ရပ်တန့်ဖို့ အစိုးရရဲ့ ဆော်သြချက်ကိုလည်း ဆန့်ကျင်အာခံ နေကြပါတယ်။ တောင်အာဖရိကနိုင်ငံမှာ လတ်တလောနှစ်တွေအတွင်း အဆိုးဆုံး မတည်ငြိမ်မှုအတွင်း ရာချီတဲ့ စီးပွားရေး လုပ်ငန်းတွေ ဖျက်ဆီးခံရပြီး ကိုဗစ်-၁၉  ကပ်ရောဂါ တတိယလှိုင်းကို ဆေးရုံတွေက ရုန်းကန် ရင်ဆိုင် နေရတာပါ။

ရေနံချက် စက်ရုံတရုံလည်း  ပိတ်ပစ်ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေး ရာမှာ အစစ်ခံဖို့ ပျက်ကွက်မှုနဲ့ သမ္မတဟောင်း ဂျက်ကော့ဘ် ဇူးမားကို ထောင်ချလို့ အရင်အပတ်က စပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

လူမျိုးရေး ခွဲခြားတဲ့စနစ် အဆုံးသတ်ခဲ့ပေမယ့် ၂၇ နှစ်တာ ကာလ အတွင်း ခက်ခဲမှုတွေနဲ့ မညီမျှမှုတွေကြောင့် အထွေထွေဒေါသတွေ စုပုံ ပေါက်ကွဲရာက နောက်ပိုင်းမှာ လုယက် ရမ်းကားတဲ့အဆင့်က တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါတယ်။

ဇူးမားရဲ့ဇာတိ ကွာဇူးလူးနာတယ် ခရိုင်အပြင် ဘဏ္ဍာရေးနဲ့ စီးပွားရေး အချက်အခြာ ဂျိုဟန်နာစဘက်မြို့အနားက ဂေါင်တန်ခရိုင်တွေ အပါအဝင် . မြို့တော်တော်များများမှာ ကုန်တိုက်တန်းတွေ ကုန်လှောင်ရုံတွေ လုယက် မီးရှို့ ခံရပါတယ်။

မတည်ငြိမ်မှု ထိန်းသိမ်းဖို့ ရဲအင်အားမလုံလောက်တာကို ကူညီဖို့ စစ်သားတွေကို လမ်းပေါ်မှာ တာဝန်ချ ထားတယ်လို့ ဒေသခံ ရုပ်သံကထုတ်လွှင့်ပါတယ်။ 

More News
Up