ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကြောင့် ၉၈ ဦးသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၃၀၀၀ ကျော်လာ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၉,၁၈၆ ယောက်၊ သေဆုံးသူ ၉၈ ယောက်နဲ့ စံချိန်တင်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကူးစက်မှုအသစ်တွေထဲမှာ ၇၉ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၃၇၂,၂၁၅ ယောက်၊ သေဆုံးသူစုစုပေါင်း ၃,၀၃၂ ယောက်နဲ့ အာရှဒေသတွင်းနိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၂၀ နေရာမှာ ရှိနေတာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၈ သိန်းကျော်၊ သေဆုံးသူ ပေါင်း ၆,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

      ဒေသတွင်း ကူးစက်မှု အမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာတော့ လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၂ သိန်းကျော်နဲ့ ပါဝင်လာခဲ့ပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၉ ဒသမ ၁ သန်းကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာ သူပေါင်း ၁၇၂ ဒသမ ၇၉ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

More News
Up